သောကြာ၊ စက်တင်ဘာလ ၂၇ရက်၊ ၂၀၂၄

အမ်းမြို့နယ်တွင် စစ်ကောင်စီ စစ်ကြောင်းတစ်ခုကို AA တိုက်ခိုက်၍ အကျဆုံးများဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၇ စက်တင်ဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 3.3k

မင်းသျှင်စော၊ နိရဉ္စရာ ၊စက်တင်ဘာ ၂၆ ၊ ၂၀၂၄

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် အခြေစိုက်ရာ အမ်းမြို့နယ်တွင် စစ်ကောင်စီ စစ်ကြောင်း တစ်ခုအား အာရက္ခတပ်တော်(AA)မှ ထိုးစစ်ဆင် တိုက်ခိုက်၍ စစ်ကောင်စီတပ်သား အများအပြားကျဆုံးသွားခဲ့သည်ဟု အမ်းဒေသခံ စစ်ရေး သတင်းရင်းမြစ် တစ်ဦးက နိရဉ္စရာကို ပြောသည်။

" ဒီနေ့တော့နှစ်ဖက်တိုက်ပွဲဖြစ်ပါတယ်။ အေအေဘက်မှ ဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်ခဲ့တာပါ။ စစ်ကောင်စီ ဖက်မှ အကျအဆုံး များတယ်။ စစ်ကောင်စီဘက်မှ လက်နက်ကြီးပစ်ကူပေးသလို အခု အဲဒီ တိုက်ပွဲဖြစ်တဲ့နေရာကို စစ်ကူကားတွေ လိုက်သွားတာလည်း တွေ့ရတယ်"ဟု ၄င်းက ပြောကြားသည်။

၎င်းတိုက်ပွဲမှာ  စက်တင်ဘာ ၂၆ ရက်နေ့ ညနေပိုင်းက အမ်းမြို့နှင့် မဲတောင်ကြားတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး တပ်ရင်းအမှတ်  ခမရ (၃၇၃) စစ်ကြောင်းအား အာရက္ခတပ်တော်မှ ထိုးစစ်ဆက် ကြားဖြတ် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

“ ကျွန်တော်တို့ လက်ရှိ ရထားတဲ့သတင်းအရ စစ်ကောင်စီဘက်က ၅၀ နီးပါး ကျတယ်လို့ ကြားတယ်။ ဒဏ်ရာရသူတွေကိုလည်း စစ်ကား ၂ စီးနဲ့ အမ်းမြို့ စစ်ဆေးရုံကို ယူလာရပါတယ်။ တပ်ရင်း ၃၇၃ စစ်ကြောင်းကို  မဲတောင်ကြားမှာ အေအေက အသင့်စောင့်ပြီး တိုက်တာလို့ သိရပါတယ်။”

တိုက်ပွဲနင့် နီးစပ်သော ရွာသာယာကျေးရွာနှင့် ပတ်ဝန်းကျင်ရွာများမှ ဒေသခံများလည်း လက်နက်ကြီး၊ လေယာဉ်တို့ကို ကြောက်၍ ဘေးလွှတ်ရာသော ထွက်ပြေးနေရသည်ဟု ဆိုသည်။

အဆိုပါ ၃၇၃ တပ်ရင်း စစ်ကြောင်းသည် အမ်းနှင့် မဲတောင်ကြားတွင် မကြာခဏ စစ်ကြောင်း ထိုးနေသည့် စစ်ကြောင်းဖြစ်ပြီး အမ်းဒေသခံ လမ်းသွားလမ်းလာ ပြည်သူများကို ဖမ်းခြင်း၊ မိန်းကလေး များကို မဖွယ်မရာလုပ်နေသည်ဟု သတင်းထွက်ပေါ်နေသော စစ်ကြောင်းဖြစ်သည်ဟုဆိုသည်။ 

စစ်ကောင်စီသည် ယနေ့တိုက်ပွဲ ပြန်စဖြစ်လာ၍ အင်အား ၅၀၀ ခန့်ရှိနိုင်သည့် တပ်ဖွဲ့ဝင်များကို အမ်းမြို့တွင်းတွင် နေရာယူထားပြီး စစ်ကားများ ၊ ခြေလျှင်တပ်များကို တိုက်ပွဲဖြစ်သော နေရာသို့ စစ်ကူပို့နေသည်ဟု သိရသည်။

အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်နှင့် အခြားတပ်ရင်း စခန်းများမှလည်း လက်နက်ကြီးများဖြင့် တိုက်ပွဲ ဖြစ်ပွားရာသို့ အဆက်မပြတ်ပစ်ကူ ပေးနေသည်ဟုသိရသည်။

ခမရ (၃၇၃) သည် အမ်းမြို့ အခြေစိုက်တပ်ရင်းတစ်ခုဖြစ်ပြီး ပြည်သူ့စစ်မှုထမ်းများ၊ အမ်းရှိ တပ်ရင်းများမှ ထုတ်နုတ်အင်အားဖြင့် စုပေါင်းဖွဲ့စည်းထားပြီး အင်အား ၂၀၀ ကျော်ပါရှိသည့် စစ်ကြောင်းဟု သိရသည်။

အဆိုပါ တိုက်ပွဲ သတင်းနှင့် ပတ်သက်ပြီး အာရက္ခတပ်တော်မှ တစ်စုံတစ်ရာ သတင်းထုတ်ပြန်ခြင်း မရှိသေးပါ။

ဆက်စပ် သတင်းများ