သောကြာ၊ စက်တင်ဘာလ ၂၇ရက်၊ ၂၀၂၄

ကမ်းထောင်းကြီး လေယာဉ်ဗုံးကြဲမှုဖြစ်စဉ်အတွင်း AA တပ်ဖွဲ့ဝင်များ သေဆုံးဒဏ်ရာရရှိခဲ့ခြင်း မရှိဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၇ စက်တင်ဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 2.9k

နိရဉ္စရာ၊ စက်တင်ဘာ ၂၇/၂၀၂၄

မြေပုံမြို့နယ် ကမ်းထောင်းကြီးမြို့အား ယခု ၂၅ ရက်နေ့က အကြမ်းဖက် စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်မှု အတွင်း အာရက္ခတပ်တော်(AA) တပ်ဖွဲ့ဝင်များ တစ်စုံတစ်ရာ ထိခိုက်သေဆုံး ဒဏ်ရာရရှိခြင်း မရှိဟု အာရက္ခတပ်တော်(AA)  ပြောခွင့်ရသူ ဦးခိုင်သုခက နိရဉ္စရာသတင်းဌာနသို့ ပြောသည်။

“  သတင်းအမှားပါ။ ဒီလိုဖြစ်စဉ် မရှိပါ။ ကမ်းထောင်းကြီးမြို့ ဗုံးကြဲတဲ့ ဖြစ်စဉ်မှာ ကျွန်တော်တို့ဘက် တပ်ဖွဲ့ဝင်တွေ သေဆုံး၊ ထိခိုက် ဒဏ်ရာရတဲ့ ဖြစ်စဉ်တွေ လုံး၀ မရှိပါဘူး။ သေဆုံးသူ ဒဏ်ရာရသူတွေဟာ ကလေးငယ်တွေနဲ့ အရပ်သားတွေဘဲ ဖြစ်ပါတယ်” ဟု ၎င်းက ပြောဆိုသည်။

စက်တင်ဘာ ၂၅ ရက်နေ့ ညနေ ၄ နာရီခန့်က စစ်ကောင်စီက ဂျက်တိုက်လေယာဥ် တစ်စီးဖြင့် ​နှစ်ကြိမ်တိုင်လာရောက်ဗုံးကြဲချခဲ့စဥ် အာရက္ခတပ်တော်က ရဲဘော်အများအပြားကျဆုံးခဲ့သည်ဟု လူမှုကွန်ယက်စာမျက်နှာပေါ်တွင် ရေးသားဖော်ပြနေကြသည်။

“ စစ်ကောင်စီက ဗုံးကြဲတဲ့အခါမှာ အရပ်သားတွေသေဆုံးမှုကို ဖုံးကွယ်လိုတဲ့အတွက်  ကျွန်တော်တို့ တပ်ဖွဲ့ဝင်တွေ သေဆုံးတယ်ဆိုပြီ စစ်လော်ဘီတွေက သတင်းအမှားတွေကို ထုတ်လွင့်နေတာတွေ ရှိတယ်။ ဒါတွေကို သတင်းဌာနတွေအနေနဲ့ သတိချပ်ဖို့လိုအပ်ပါလိမ့်မယ်။ ဒီလိုမျိုး ကမ်းထောင်ကြီး ဖြစ်စဉ်မှာ ကျွန်တော်တို့ဘက် ထိခိုက်တာမျိုး လုံး၀ မရှိပါဘူး”ဟု ဦးခိုင်သုခက ဆက်လက် ပြောဆိုသည်။

အလားတူ ဒေသခံများနှင့် လက်လှမ်းမှီသလောက် ဒေသအတွင်းက သတင်းသမားများအား လက်ရှိ အချိန်ထိ ဆက်သွယ်မေးမြန်းရာတွင်လည်း ထိုကဲ့သို့ အေအေဘက်က ထိခိုက်ကျဆုံးမှုရှိသည်ဆိုသည့် သတင်းကို မကြားမိကြောင်း ပြောဆိုသည်။

စက်တင်ဘာ ၂၅ ရက်၊ ညနေ ၄ နာရီခန့်တွင် တိုက်ပွဲမဖြစ်ဘဲ တည်ငြိမ်အေးချမ်းနေသည့် ကမ်းထောင်းကြီးမြို့ကို စစ်ကောင်စီက ဂျက်တိုက်လေယာဥ် တစ်စီးဖြင့် ​နှစ်ကြိမ်တိုင်လာရောက် ဗုံးကြဲချခဲ့သဖြင့် အသက် ၁၁ နှစ်အရွယ် မိန်းခလေးငယ် တစ်ဦး အပါအ၀​င် ၂ ဦးသေဆုံးပြီး  ၇ ဦးဒဏ်ရာရရှိခဲ့သည်။

သေဆုံးသူများမှာ ကမ်းထောင်းကြီးမြို့၊ ရွာသာယာရပ်ကွက်မှ မရွှေဇင်ဝင်း(၁၁)နှစ် နှင့် ဦးမောင်သန်းဌေး (၃၈)နှစ် တို့ဖြစ်ကြသည်။

ဒဏ်ရာရသူများမှာ ကမ်းထောင်းကြီးမြို့၊ ရွာသာယာရပ်ကွက်မှ  မထက်ထက်အေး (၁၁)နှစ်၊ ဦးနီနီကျော် (၄၈)နှစ်၊ ဦးမောင်သောင်းယိုင် (၈၀)နှစ်တို့ ဖြစ်ကြပြီး နောက်ထပ် ၄ ဦးမှာ စစ်ဘေးရှောင် စခန်းမှ  ဦးအောင်လှဦး (၇၅)နှစ်၊ ဒေါ်လှကျော့စိန် (၇၂)နှစ် ဦးကျော်မြ (၆၆)နှစ်၊ ကျေးရွာမှ ဒေါ်သိန်းရွှေနု (၆၈)နှစ်၊ တို့ဖြစ်ကြသည်။

အလားတူ စက်တင်ဘာ ၂၆ ရက်နေ့ကလည်း သံတွဲမြို့တွင် စစ်ဘေးရှောင်များခိုလှုံနေသည့် မြို့နယ်ခန်းမအား စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်၍ ကလေးငယ်များ အပါအဝင် ၁၄ ဦးသေဆုံးသွားခဲ့ပြီး ၂၅ ဦးထိခိုက် ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

ပုံစာ- ကမ်းထောင်းကြီးမြို့မှ ထိခိုက် ဒဏ်ရာရရှိခဲ့သူများ

ဆက်စပ် သတင်းများ