သောကြာ၊ စက်တင်ဘာလ ၂၇ရက်၊ ၂၀၂၄

တော်လှန်ရေးအင်အားစုများအား နိုင်ငံရေးနည်းလမ်းဖြင့်ဖြေရှင်းရန် စစ်ကောင်စီ ဖိတ်ခေါ်မှု အောင်မြင်နိုင်ခြေမရှိဟု နိုင်ငံရေးလေ့လာသူများသုံးသပ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၇ စက်တင်ဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 454

လူထက်နိုင် (ဒွါရာမြီ)၊ နိရဉ္စရာ၊ စက်တင်ဘာ ၂၇/ ၂၀၂၄

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)များအပါအဝင် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အင်အားစုများအား နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် စစ်ကောင်စီ၏ ဖိတ်ခေါ်မှုသည် အောင်မြင်နိုင်ခြေမရှိကြောင်း နိုင်ငံရေးလေ့လာသူများက သုံးသပ်ကြသည်။

နိုင်ငံတော်၏ ဆုံးရှုံးနစ်နာမှုများကိုထောက်ရှုပြီး PDF နှင့် တိုင်းရင်းသားလက်နက်ကိုင်တပ် အဖွဲ့အစည်းများအား နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းနိုင်ရေး ကမ်းလှမ်း ဖိတ်ခေါ်ကြောင်း စစ်ကောင်စီက စက်တင်ဘာ ၂၆ ရက်နေ့တွင် ကြေညာခဲ့သည်။

"လက်နက်ကိုင်လမ်းစဉ်နှင့်အကြမ်းဖက်လမ်းစဉ်တို့ကြောင့် နိုင်ငံတော်တွင် ဖြစ်ပေါ် ခဲ့ရသည့် ဆုံးရှုံးနစ်နာမှုများကို ထောက်ရှု၍ ထာဝရငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ပြည်သူများနှင့်အတူ လက်တွဲဖော်ဆောင်နိုင်ရန်အလို့ငှာ နိုင်ငံတော်အား ဆန့်ကျင်တိုက်ခိုက်နေသည့် တိုင်ရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ အကြမ်းဖက်သောင်းကျန်းသူအဖွဲ့ အစည်းများ၊ အကြမ်းဖက် PDF အဖွဲ့များအနေဖြင့် လက်နက်ကိုင် အကြမ်းဖက်တိုက်ခိုက်သည့် လမ်းစဉ်ကို စွန့်လွှတ်ကာ ပါတီနိုင်ငံရေးလမ်းကြောင်းဖြင့်သော်လည်းကောင်း၊ ရွေးကောက်ပွဲလမ်းကြောင်းမှ သော်လည်းကောင်း နိုင်ငံရေးပြဿနာကို နိုင်ငံရေး နည်းလမ်းဖြင့် ဖြေရှင်းနိုင်ရေး ဆက်သွယ် ဆောင်ရွက်နိုင်ပါရန် ကမ်းလှမ်းဖိတ်ခေါ်အပ်ပါသည်"ဟု စစ်ကောင်စီ၏ဖိတ်ခေါ်စာထဲတွင် ဖော်ပြပါရှိသည်။

ထိုသို့ဖိတ်ခေါ်မှုနှင့်ပတ်သက်ပြီး နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်အား နိရဉ္စရာကမေးမြန်းရာ အဆိုပါဖိတ်ခေါ်မှုသည် လုံးဝဖြစ်နိုင်ခြေမရှိကြောင်းပြောဆိုသည်။

“လုံးဝဖြစ်နိုင်ချေမရှိပါဘူး။ သူက PDF တွေကို လက်နက်ချပြီးတော့ ပါတီထောင်ရွေးကောက်ပွဲဝင်ဖို့ ပြောတာ၊ အဲဒီ PDF တွေဦးဆောင်နေတဲ့ NUG၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ်ဆန့်ကျင်တိုက်ခိုက်နေတုန်း ဒီလိုအနေအထားမျိုးနဲ့ အောက်ခြေက PDF တွေကို ဖဲ့ထုတ်ဖို့ ယုတ်မာတဲ့ ကြိုးပမ်းတဲ့အစီအစဉ်ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီအစီအစဉ်ဟာ ဖြစ်နိုင်တဲ့အခြေအနေမရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ PDF တွေကိုယ်တိုင် NUG နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ ဦးဆောင်မှုခံယူပြီးတော့ တော်လှန်ရေးထဲမှာပါဝင် လှုပ်ရှားနေလို့ဖြစ်ပါတယ်”ဟု ဦးသန်းစိုးနိုင်က ပြောသည်။

လက်ရှိတွင် စစ်ကောင်စီက စစ်ရှုံးနေသောကြောင့် NUG၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် PDF များအကြား သပ်သျှိုသွေးခွဲနေခြင်းသာဖြစ်ကြောင်းလည်း ဦးသန်းစိုးနိုင်က သုံးသပ်သည်။

“တကယ်ကတော့ သူ့ရဲ့တပ်အင်အားကလည်း နည်းပါးလာတာကတစ်ဖက်၊ နောက်တစ်ခုက တော်လှန်ရေး အင်အားစုတွေထဲမှာ ခွဲခြားတာ၊ ဖဲ့ထုတ်တာ အဲ့ဒါမျိုးလုပ်ချင်တာပါ။ ဆိုလိုတာက ခေါင်းဆောင်အဖွဲ့အစည်းတွေ NUG နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ PDF တွေကြားထဲမှာ သူက သပ်သျှိုတာဖြစ်ပါတယ်။ ဒါပေမယ့် ဘယ်လိုမှ အောင်မြင်နိုင်တဲ့ အခြေအနေ မရှိပါဘူး” ဟုပြောသည်။

ထိုသို့ဖိတ်ခေါ်မှုနှင့်ပတ်သက်ပြီး ရခိုင့်နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးဖေသန်းကိုလည်း နိရဉ္စရာက မေးမြန်းရာ PDF များနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနေဖြင့် လက်နက်စွန့်ပြီး ရွေးကောက်ပွဲဝင်ရန်မှာ လုံးဝဖြစ်နိုင်ခြေမရှိကြောင်း ပြောဆိုခဲ့သည်။

“သူတို့ဖိတ်ခေါ်တာက နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ရှင်းဖို့။ ဒါကြောင့်လက်နက်စွန့်ပြီးတော့ ရွေးကောက်ပွဲဝင်ဖို့ဆိုတာမျိုး ဒါကတော့ ဘယ်လိုမှ ဖြစ်နိုင်ခြေမရှိပါဘူး။ အဲလိုရွေးကောက်ပွဲဆိုတာက အခုလိုအခြေအနေမျိုးမှာ တော်လှန်ရေးအင်အားစုတွေ အင်အားကောင်းလာတယ်။ ပြီးတော့ စစ်ကောင်စီဖက်က အရှုံးနဲ့ရင်ဆိုင်နေရတဲ့ကာလမျိုး။ တနိုင်ငံလုံးမှာလည်း တိုက်ပွဲတွေဖြစ်နေတာ တည်ငြိမ်မှုမရှိတဲ့ကာလမျိုးပေါ့။ အဲဒီလိုကာလမျိုးမှာ ရွေးကောက်ပွဲလုပ်ဖို့ဆိုတာ ဘယ်လိုမှဖြစ်နိုင်တာလည်း မဟုတ်ဘူး။ သူက တဖက်သတ်လုပ်မယ့်ရွေးကောက်ပွဲပေါ့” ဟု ဦးဖေသန်းက ပြောဆိုသည်။

ယခု စစ်ကောင်စီက ကမ်းလှမ်းမှုမှာ ဝါဒဖြန့်ချိရေး သက်သက်ထက် မပိုဟုလည်း ဦးဖေသန်းက သုံးသပ်ပြောဆိုသည်။

“ ပြီးတော့ ၂၀၀၈ ဖွဲ့စည်းပုံကိုလည်းဖျက်တာ မဟုတ်ဘူး။ တပ်မတော်ရဲ့ ဦးဆောင်မှု အခန်းကဏ္ဍကလည်း လာဦးမယ်။ သူတို့လုပ်ငန်းစဉ်ထဲမှာ လက်နက်စွန့်ပြီးတော့ ရွေးကောက် ပွဲလာပါဆိုတာ ဟန်ပြပေါ့။ စေတနာအရင်းခံနဲ့ ဖိတ်ခေါ်ရင် ငြိမ်းချမ်းရေးဆွေးနွေးပွဲပေါ့။ အခုဟာကတော့ သူ့ရဲ့လုပ်ငန်းစဉ်ထဲမှာ လက်နက်စွန့်ပြီးပါဝင်ဖို့၊ အဲလိုကတော့ လုံးဝ ဖြစ်လာစရာမရှိဘူး။ သူ့ဖက်က ဝါဒဖြန့်ချိရေးအနေနဲ့ကမ်းလှမ်းပါတယ်ဆိုတဲ့ပုံစံမျိုးနဲ့ ဟန်ပြ ရွေးကောက်ပွဲကိုလုပ်ဖို့အတွက် သူ့ဖက်က ပြင်ဆင်နေတာကို ဒီဖက်ကပါဝင်ဖို့ဆိုတာက ဒီနေ့အခြေအနေနဲ့ လုံးဝစဉ်းစားမှာမဟုတ်ဘူး တစ်ဖက်အင်းအားစုတွေက”ဟု ပြောသည်။

လက်ရှိ တစ်နိုင်ငံလုံးဖြစ်ပွားနေသည့် စစ်မျက်နှာပြင်များတွင် စစ်ကောင်စီအနေဖြင့် အရှုံးနှင့်သာရင်ဆိုင်နေရချိန်ဖြစ်သည်။

ရှမ်းပြည်၊ လားရှိုးရှိ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်အပါအဝင် ရခိုင်ပြည်မှ သံတွဲမြို့ အပါအဝင် မောင်ရွှေလေး ရေတပ်စသည့် အင်အားကြီး တိုင်းစစ်ဌာနချုပ်နှင့် ရေတပ်တို့ကိုပါ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များထံ စွန့်လွှတ်ထားရပြီဖြစ်သည်။

ယင်းသို့ အရှုံးနှင့်ရင်ဆိုင်နေရချိန်တွင် စစ်ကောင်စီက ယခုကမ်းလှမ်းချက်ကို ထုတ်ပြန်လာခြင်း ဖြစ်သဖြင့် နိုင်ငံရေးအရ ရိုးသားမှု မရှိဟု နိုင်ငံရေးလေ့လာသုံးသပ်သူများက ပြောဆိုကြသည်။

ဆက်စပ် သတင်းများ