စနေ၊ စက်တင်ဘာလ ၂၈ရက်၊ ၂၀၂၄

ဂွမြို့နယ်တွင် AAနှင့် စစ်ကောင်စီတပ်တို့ ဆက်လက်တိုက်ပွဲဖြစ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၇ စက်တင်ဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 596

မင်းသျှင်စော နိရဉ္စရာ ၊စက်တင်ဘာ၂၇ ၊၂၀၂၄

ရခိုင်ပြည်၊ ဂွမြို့ မြောက်ဘက် မိုင် ၂၀ ခန့်အကွာ သံတွဲနှင့် ဂွကားလမ်းပေါ်တွင် ယနေ့ စက်တင်ဘာ ၂၇ ရက်နေ့တွင်လည်း တိုက်ပွဲ ဆက်လက်ဖြစ်ပွားခဲ့သည်ဟု သတင်းရရှိသည်။

ယနေ့ ဖြစ်ပွားသည့် တိုက်ပွဲသည် ကျောက်ပါးစပ်ကျေးရွာ အနီးတွင် မနက်စောစောပိုင်း နံနက် ၇ နာရီလောက်က ထပ်မံ ဖြစ်ပွားပြီး နေ့လယ် ၁ နာရီခန့်တွင် သေနတ်သံများ ရပ်တန့်သွားသည်ဟု ဒေသခံ တစ်ဦးက ပြောသည်။

" ဒီနေ့ မနက် ၇ နာရီလောက်စဖြစ်တယ်။ နေ့လယ် ၁ နာရီဝန်းကျင်မှာရပ်သွားတယ်။ မနက် ၁၁ နာရီကျော်လောက်မှာ ဂျက်ဖိုက်တာနဲ့  ဗုံး ၂ ကြိမ်လာချတယ်။ တိုက်ပွဲက ပြင်းပြင်းထန်ထန် ဖြစ်ခဲ့ကြတာပါ”ဟု ပြောသည်။

စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော် (AA) တို့သည် စက်တင်ဘာ ၂၅ ရက်နေ့တွင် တိုက်ပွဲပြန်လည် စတင်ဖြစ်ပွားခဲ့ပြီး အဆိုပါ တိုက်ပွဲတွင်  စစ်ကောင်စီဘက်မှ ဒုဗိုလ်တစ်ဦးအပါအဝင် အကျအဆုံးများ ရှိခဲ့ပြီး ဒဏ်ရာရ စစ်သားလည်း  ၁၀ ကျော်ခန့် ရှိသည်ဟု ၎င်းက ပြောဆိုသည်။

“ ဒဏ်ရာပြင်းပြင်းထန်ထန်တဲ့ သူတွေကို ကုလားပြင်ကို ဆိုင်ကယ်တွေနဲ့ သယ်ဆောင်လာတယ်။ ဒဏ်ရာပြင်းထန်တဲ့ ဗိုလ်ကြီးတစ်ဦးကိုတော့ ဂွမြို့ဆေးရုံကို ယူဆောင်သွားခဲ့ရတယ်”ဟု ၎င်းက ပြောသည်။

စစ်ကောင်စီ တိုက်ပွဲများ ဆက်တိုက်ဖြစ်လာပြီးနောက် သံတွဲ-ဂွ ကားလမ်းပေါ်ရှိ ဆပ်သွားဂိတ်၊ ကြွေချိုင်ဂိတ်၊ သပြုချောင်းဂိတ်နှင့် ကုလားပြင်ဂိတ်တို့တွင် ယခင်ကထက် လုံခြုံရေးကို တိုးချထားသည်ဟု ဆိုသည်။

၎င်းပြင် ဒေသခံပြည်သူလူထုအပေါ် စစ်ဆေးမှုများလာပြီး ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံ လာသည်ဟုဆိုသည်။ 

စစ်ကောင်စီသည် ဂွမြို့နယ်တွင် ဖြစ်ပွားနေသောတိုက်ပွဲတွင် အထိအခိုက် အကျအရှုံး များနေသည့် အပြင် စခန်းများလည်း တစ်ခုပြီး တစ်ခု နောက်ဆုတ်နေရသဖြင့်   ပြည်သူများ နေသော ကျေးရွာများနှင့် အနီးအနား တောင်တန်းများကို လေယာဉ်များဖြင့် ဗုံးကြဲခြင်း၊  လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းတို့ကို နေ့စဉ် ရက်ဆက်ပြုလုပ်နေသည်ဟု သိရသည်။ (ဓာတ်ပုံ- ရခိုင်တိုက်ပွဲတစ်ခု/ပုံဟောင်းသာ)

 

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!