စနေ၊ စက်တင်ဘာလ ၂၈ရက်၊ ၂၀၂၄

အမ်း၊ ဂွနှင့် မောင်တောမြို့ တိုက်ပွဲသတင်းများ AA ထုတ်ပြန်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၇ စက်တင်ဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 405

(အမ်းတိုက်ပွဲတွင် အလောင်းများနှင့် စစ်အသုံးအဆောင်များသိမ်းဆည်းရမိ)

နိရဉ္စရာ၊ စက်တင်ဘာ ၂၇/ ၂၀၂၄

ရခိုင်ပြည်အတွင်း အာရက္ခတပ်တော် (AA)သည် အမ်း၊ ဂွနှင့် မောင်တောမြို့ နယ်တို့တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများ အခြေအနေများနှင့် ပတ်သက်ပြီး  ယနေ့ သတင်း ထုတ်ပြန်သည်။

(အမ်းမြို့နယ်တိုက်ပွဲ)

အမ်းမြို့နယ်၊ ကျောက်စကွဲကျေးရွာ၏ အနောက်ဘက် မီတာ (၄၀၀) ခန့်အကွာအဝေးတွင် ဖက်ဆစ်အကြမ်းဖက်စစ်ကောင်စီ၏ စကခ (၅) လက်အောက်ခံ ခမရ (၃၄၆/ ၃၇၃/ ၃၇၂) တပ်ရင်းများ စုပေါင်းထားသော အင်အား (၁၀၀) ခန့်ပါ စစ်ကြောင်းတစ်ခုနှင့် အာရက္ခတပ်တော်တို့သည် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၂၆) ရက်နေ့၊ နံနက် (၁၁) နာရီ (၅၀) မိနစ်တွင် စတင်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး နှစ်နာရီနီးပါးကြာ အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုအတွင်း ရန်သူ့ဘက်မှ အလောင်း (၅) လောင်း၊ လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းတချို့ကို သိမ်းဆည်းရမိခဲ့သည်။

ထို့အတူ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၂၇) ရက်နေ့၊ နံနက် (၁၀) နာရီခန့်အချိန်တွင်လည်း ယမန်နေ့ တိုက်ပွဲဖြစ်ပွားခဲ့သောနေရာအနီး ပတ်ဝန်းကျင်၌ ထပ်မံထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။ ရန်သူသည် အထိအခိုက်အကျအဆုံးအချို့ဖြင့် နောက်ဆုတ်သွားခဲ့သည်။

ရန်သူ၏ စစ်အသုံးအဆောင်ပစ္စည်း၊ လက်နက်ခဲယမ်း၊ ခြင်းတောင်းအများအပြားတို့ကို ထပ်မံသိမ်းဆည်းရမိခဲ့သည်။

(ဂွမြို့နယ်တိုက်ပွဲ)

ဂွမြို့နယ်၊ ကျောက်ပါးစပ်ရွာအနီး၊ အရှေ့တောင်ဘက် မီတာ (၁၀၀၀) ခန့်အကွာ ကျိန္တလီကားလမ်းမ အနီးရှိ တောင်ကုန်းတွင်လည်း စက်တင်ဘာလ (၂၄) ရက်နေ့၊ နေ့လယ် (၁) နာရီ (၅၀) မိနစ်မှ နေ့လယ် (၃) နာရီ (၂၀) မိနစ်အထိ နှစ်နာရီကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့သည်။

(မောင်တော တိုက်ပွဲ)

မောင်တောမြို့အား အလုံးစုံသိမ်းပိုက်ရရှိရန်အတွက် မောင်တောမြို့အတွင်း၌ ကစဉ့်ကလျား ထွက်ပြေးပြီး တိုက်တာအဆောက်အအုံ၊ လူနေအိမ်အချို့၌ အယောက်ကျ ထွက်ပြေး ပုန်းခိုလွတ်မြောက်နေသေးသော ဖက်ဆစ်အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့၊ ၎င်းတို့သင်တန်းပေးထားသော မူဆလင်အကြမ်းဖက် အချို့ နှင့် ARSA၊ RSO၊ ARA အစရှိသော မူဆလင်အကြမ်းဖက်လက်နက်ကိုင်များအား လိုက်လံရှင်းလင်းလျက်ရှိသည်။

တစ်ပြိုင်နက်တည်းတွင် မောင်တောမြို့ပြင်၌ တစ်ခုတည်းကျန်ရှိနေသော ဖက်ဆစ်အကြမ်းဖက် စစ်ကောင်စီ၏ နခခ (၅) စခန်းအား အပြီးသတ်သိမ်းပိုက်ရယူရေးအတွက် ထိုးစစ်များကို ဆက်လက် အရှိန်အဟုန်မြှင့်တင်သွားမည်ဖြစ်သည်။

ထို့အတူ အာရက္ခဒေသအတွင်းရှိ မိမိတို့ အပြီးသတ်သိမ်းပိုက်ရန် ကျန်ရှိနေသေးသော မပြီး ပြတ်သေးသည့် ရန်သူ့လက်ကျန်စခန်းများအားလုံးကို တစ်ခုမကျန် သိမ်းပိုက်ရယူရေးအတွက် ထိုးစစ်များကို ဆက်လက်အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အာရက္ခတပ်တော် သတင်းနှင့် ပြန်ကြားရေး သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။  

ဆက်စပ် သတင်းများ