စနေ၊ စက်တင်ဘာလ ၂၈ရက်၊ ၂၀၂၄

အမ်းနဲ့ မဲတောင်ကြား တိုက်ပွဲသို့ စစ်ကူလာသည့် စစ်ကြောင်းကို AAမှ ကြားဖြတ်တိုက်ခိုက်၍ စစ်ကောင်စီ အကျအဆုံးများဟု သတင်းထွက်နေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၈ စက်တင်ဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 827

မင်းသျှင်စော နိရဉ္စရာ ၊စက်တင်ဘာ၂၈ ၊ ၂၀၂၄

ရခိုင်ပြည်၊ အမ်းနှင့် မဲတောင်ကြားတွင် ဖြစ်ပွားနေသည့် တိုက်ပွဲသို့ စစ်ကူလာသည့် စစ်ကောင်စီ စစ်ကြောင်းကို အာရက္ခတပ်တော် (AA)မှ ကြားဖြတ် တိုက်ခိုက်၍  စစ်ကောင်စီစစ်ကြောင်း အကျအဆုံးများ ရှိကြောင်း သတင်းများထွက်ပေါ်နေသည်။

စက်တင်ဘာ ၂၆ ရက် နံနက်ပိုင်းတွင် အာရက္ခတပ်တော်နှင့် စစ်ကောင်စီတို့သည် အမ်းနှင့် မဲတောင်ကြားတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သားအချို့ကျဆုံးကား အများအပြားသည် တိုက်ပွဲကြားတွင် ပိတ်မိနေသည်ဟု သိရသည်။

အာရက္ခတပ်တော်၏ ထုတ်ပြန်ချက်ထဲတွင် အမ်းမြို့နယ်၊ ကျောက်စကွဲကျေးရွာ၏ အနောက်ဘက် မီတာ (၄၀၀) ခန့်အကွာအဝေးတွင် ဖက်ဆစ်အကြမ်းဖက်စစ်ကောင်စီ၏ စကခ (၅) လက်အောက်ခံ ခမရ (၃၄၆/ ၃၇၃/ ၃၇၂) တပ်ရင်းများ စုပေါင်းထားသော အင်အား (၁၀၀) ခန့်ပါ စစ်ကြောင်းတစ်ခုနှင့် အာရက္ခတပ်တော်တို့သည် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၂၆) ရက်နေ့၊ နံနက် (၁၁) နာရီ (၅၀) မိနစ်တွင် စတင်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး နှစ်နာရီနီးပါးကြာ အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုအတွင်း ရန်သူ့ဘက်မှ အလောင်း (၅) လောင်း၊ လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းတချို့ကို သိမ်းဆည်းရမိခဲ့သည်ဟု ဖော်ပြထားသည်။

၎င်းတိုက်ပွဲတွင် ပိတ်မိနေသော စစ်သားများအား ကယ်ထုတ်ရန် အင်အား ၂၀၀ ခန့်ပါသော စစ်ကြောင်း တစ်ကြောင်း တက်လာစဉ် အာရက္ခတပ်တော်က စက်တင်ဘာ ၂၇ ရက် နံနက် မိုးလင်းအာရုဏ်တွင် ကြားဖြတ်တိုက်ခိုက်ခဲ့သည်ဟု ဒေသတွင်း စစ်ရေးရင်းမြစ်တစ်ဦးက ပြောသည်။

" မနေ့ညကတိုက်ပွဲမှာ စစ်ကောင်စီဖက်မှာ အကျအရှုံးတော်တော်များတယ်။ တချို့ဆို တိုက်ပွဲ ဖြစ်တဲ့နေရာမှာ ဒဏ်ရာတွေနဲ့ရှိနေတယ်။ အဲတာကို အင်အား ၂၀၀ လောက်နဲ့ စစ်ကူလာတာပါ။ သူတို့စစ်ကြောင်းက မီးလောင်ချောင်းရွာ နားမရောက်ခင် အေအေက ကြားဖြတ် တိုက်ခိုက်ခဲ့ပါတယ်။ သိရသလောက်က စစ်ကောင်စီဖက်ကတော်တော် ကျသွားပြီလို့သိရတယ်"ဟု၄င်းက ပြောကြားသည်။

အမ်း မဲတောင် တိုက်ပွဲအတွင်း အမ်းအခြေစိုက် ခမရ (၃၇၂) တပ်ရင်းမှူးထိခိုက်ဒဏ်ရာ ရရှိသွားသည်ဟု   အရပ်ဘက် သတင်းများ ထွက်ပေါ်နေသော်လည်း နိရဉ္စရာအနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်းတော့ မရှိသေးပါ။

“အဲဒီ အမ်းနဲ့ မဲတောင်ကြား တိုက်ပွဲမှာ စစ်သားတွေကျဆုံး ဒဏ်ရာရပြီး ပိတ်မိနေတာတွေလည်း ရှိတယ်။ အဲဒီ တိုက်ပွဲက ပိတ်မိနေတဲ့ စစ်ကြောင်းကို ကယ်ထုတ်ဖို့ စစ်ကူစစ်ကြောင်းကို ညတွင်းချင်း လွှတ်တာ။ အမ်းဌာနချုပ်က။ အဲဒီ စေလွှတ်တဲံ စစ်ကြောင်းကို အေအေက ကြားဖြတ်တိုက်တာ။ ကျတာက တော်တော်ကျတယ်လို့ ကြားတယ်”ဟု ပြောသည်။

AA နှင့် ဖြစ်သည့် မဲတောင်နှင့် အမ်းအကြား တိုက်ပွဲမှာလည်း ယမန်နေ့တွင် တစ်နေကုန် အပြင်းအထန် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က အကျအဆုံးများနေကြောင်း သတင်းထွက်ပေါ်နေဟု ဆိုသည်။

ထိုသို့ တိုက်ပွဲပြင်းနေသောကြောင့် စစ်ကောင်စီ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် (နပခ)မှ အတွဲလိုက် ဒုံးကျည်များဖြင့် တိုက်ပွဲဖြစ်ပွားရာ အနီးဝန်းကျင်သို့ အဆက်မပြတ် ပစ်ကူပေးနေသည်ဟု သိရသည်။

အမ်းနှင့် မဲတောင်ကြားရှိ တိုက်ပွဲနှင့် နီးကပ်စွာ တည်ရှိသော ရွာသာယာ၊ ကျောက်စကွဲရွာနှင့် မီးလောင်ချောင်းတို့မှဒေသခံများလည်း ဘေးလွှတ်ရာသို့ အိုးအိမ်များစွန့်ခွာကာ ထွက်ပြေးနေသည်ဟု သိရသည်။  

အမ်းမြို့တွင် စစ်ကောင်စီနဲ့  အာရက္ခတပ်တော်တို့တိုက်ပွဲသည် တစ်ဖြည်းဖြည်းနှင့် နပခဌာနချုပ်ထိ နီးကပ်လာသောကြောင့် စစ်ကောင်စီမှ အမ်းမြို့တွင် အသင့်နေရာယူထားကြသည်ဟု သိရသည်။
၎င်းအပြင်  ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၂၇) ရက်နေ့၊ နံနက် (၁၀) နာရီခန့်အချိန်တွင်လည်း ယမန်နေ့ တိုက်ပွဲဖြစ်ပွားခဲ့သောနေရာအနီး ပတ်ဝန်းကျင်၌ ထပ်မံထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။ ရန်သူသည် အထိအခိုက်အကျအဆုံးအချို့ဖြင့် နောက်ဆုတ်သွားခဲ့သည်ဟု AA၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ရန်သူ၏ စစ်အသုံးအဆောင်ပစ္စည်း၊ လက်နက်ခဲယမ်း၊ ခြင်းတောင်းအများအပြားတို့ကို ထပ်မံသိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!