စနေ၊ စက်တင်ဘာလ ၂၈ရက်၊ ၂၀၂၄

စကခ(၅)အခြေစိုက်တောင်ကုတ်က စစ်ကောင်စီစခန်းတစ်ခုကို AAက ဒရုန်းဖြင့် တိုက်ခိုက်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၈ စက်တင်ဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 1.1k

(သေနတ်ပစ်ခတ်သံများ မိနစ် ၃၀ ကြာကြားခဲ့ရဟုဆို)

ကံ့ကော်နီနီ ၊ နိရဥ္စရာ ၊ စက်တင်ဘာ ၂၈ / ၂၀၂၄

ရခိုင်ပြည် ၊ တောင်ကုတ်မြို့ ၊ တောင်ကုတ်တက္ကသိုလ်အနီးတပ်စွဲထားသည့် စစ်ကောင်စီ တပ်စခန်းကို အာရက္ခတပ်တော် (AA) က အဝေးထိန်းဒရုန်းနှင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု သတင်းရရှိသည်။

၎င်းနောက်ပိုင်း ယင်းနေရာတဝိုက်တွင် လက်နက်ကြီး၊ လက်နက်ငယ်များ ပစ်ခတ်သံကို မိနစ် ၃၀ ကြာ ကြားခဲ့ရကြောင်း ဒေသခံများက နိရဉ္စရာကို ပြောသည်။

ယနေ့စက်တင်ဘာလ ၂၈ ရက် ၊ မနက် ၉ နာရီကျော်အချိန်က တောင်ကုတ်တက္ကသိုလ်အနီး ဦးထွန်းလှိုင်တောင်ရာဘာခင်းတောင်ပေါ်တွင် တပ်စွဲထားသည့်စစ်ကောင်စီစခန်းကို အာရက္ခတပ်တော် (AA) က အဝေးထိန်းဒရုန်းဖြင့် နှစ်ကြိမ်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း တောင်ကုတ်ဒေသခံ စစ်ရေးသတင်းရင်းမြစ်တစ်ဦးကပြောသည်။

" တက္ကသိုလ်နားမှာ ဦးထွန်းလှိုင်တောင်ပေါ်မှာ စစ်တပ်ကတပ်စွဲထားတယ်။ အဲဒီတပ်စခန်းကို တပ်တော်ဘက်က ဒရုန်းနဲ့ နှစ်ကြိမ်တိုက်ခိုက်ခဲ့တယ်လို့သိရတယ်။ အသေအပျောက်တော့ မသိရသေးဘူး" ဟု သူကပြောသည်။

အာရက္ခတပ်တော် AA က ဒရုန်းဖြင့်တိုက်ခိုက်ပြီးနောက် အဆိုပါနေရာတဝိုက်မှ လက်နက်ကြီး ငယ်ပစ်ခတ်သံများကို မိနစ်သုံးဆယ်ခန့်လောက်ကြားရ​ကြောင်း ဒေသခံများကပြောသည်။

တောင်ကုတ်မြို့ခံအမျိုးသမီးငယ်တစ်ဦးက" လက်နက်ကြီးပေါက်ကွဲသံလိုမျိုး လေးချက်ကြားတယ်။ ပြီးတော့ သေနတ်ပစ်ခတ်သံလို အသံတွေ ဆက်တိုက်ကြားရတယ်။ တောင်ကုတ်တက္ကသိုလ်ဘက်က ကြားရတယ်" ဟု ပြောသည်။

စစ်ကောင်စီတပ်သည် တောင်ကုတ်-မအီလမ်းပိုင်း မြို့အဝင်ဝရှိ တောင်ကုတ်တက္ကသိုလ်ဝင်းထဲတွင် အမြောက်တပ် ဖွဲ့စည်းခံစစ်ပြင်ဆင်ထားသလို တက္ကသိုလ်အနီး စစ်ဆေးရေးဂိတ်အနောက်ဘက်ရှိ ဦးထွန်းလှိုင်တောင်ရာဘာခင်းတွင်လည်း တပ်စခန်းချကာ ခံစစ်ပြင်ဆင်ထားခြင်းဖြစ်သည်။

တောင်ကုတ်မြို့နယ်သည် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ(၅)အခြေစိုက်ထားပြီး တောင်ကုတ်တပ်မ စကခ(၅)နှင့် လက်အောက်ခံ ခမရ (၃၄၆)၊ ခမရ (၅၄၄) တပ်ရင်းတို့ရှိသည်။

တောင်ကုတ်မြို့ကို AA ဝင်တိုက်မည်ကို အကြောက်လွန်နေသောစစ်ကောင်စီက ဩဂုတ်လ ဆန်းပိုင်းစ၍ မြို့အနီးတဝိုက်ကျေးရွာများကို ဗုံးကြဲတိုက်ခိုက်မှုများပြုလုပ်လာခဲ့ပြီး ဒေသခံများ သေဆုံးဒဏ်ရာရမှု ပိုမိုများလာသည်။

စက်တင်ဘာလ ၂၄ ရက် ၊ ညပိုင်းက တောင်ကုတ်မြို့တန်းလွဲ ရွာမရဲစခန်းနှင့် မြို့အတွင်း နေရာတချို့သို့ စစ်ကောင်စီက ဂျက်တိုက်လေယာဥ်ဖြင့်ဗုံးကြဲတိုက်၍ တက္ကသိုလ်ကျောင်းသားတစ်ဦး အပါအဝင် အရပ်သားနှစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရကာ နေအိမ်အဆောက်အဦတချို့ဗုံးထိမှန်ပျက်စီးခဲ့သည်။

ယနေ့စက်တင်ဘာလ ၂၈ ရက်တွင် တောင်ကုတ်မြို့နယ်၊ဝက်ကျိတ်ကျေးရွာအုပ်စုမှ ကျေးရွာများကို စစ်ကောင်စီတပ်က တစ်အိမ်ဝင်တစ်အိမ်ထွက်စစ်ဆေးမှုများပြုလုပ်နေကြောင်း ဒေသခံများက ပြောသည်။

ရခိုင်ဒေသတွင် ကျန်ရှိနေသေးသော စစ်ကောင်စီ လက်ကျန်စခန်းများအားလုံးတစ်ခုမကျန် သိမ်းပိုက်နိုင်ရေး အတွက် ထိုးစစ်များကို ဆက်လက်အရှိန် အဟုန် မြှင့်သွားမည်ဟု အာရက္ခတပ်တော် (AA)က စက်တင်ဘာလ ၂၇ ရက်တွင် ကြေညာထားသည်။

ပုံစာ- ကရင်ပြည်နယ်တစ်နေရာတွင် စစ်ကောင်စီကို ဒရုန်းဖြင့် တိုက်ပွဲဝင်နေသည့် တော်လှန်ရေးတပ်ဖွဲ့များ (ပုံဟောင်းသာ)


ဆက်စပ် သတင်းများ