တနင်္ဂနွေ၊ စက်တင်ဘာလ ၂၉ရက်၊ ၂၀၂၄

အစ္စရေးတို့တိုက်ခိုက်မှုကြောင့် ဟစ်ဇ်ဘိုလာခေါင်းဆောင် Hassan Nasrallah သေဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၉ စက်တင်ဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 99

ဂျွန်နသန်၊ နိရဉ္စရာ၊ စက်တင်ဘာ ၂၉/၂၀၂၄

အစ္စရေးတို့က ဘေရွတ် ကို လေကြောင်းတိုက်ခိုက်မှု အများအပြားပြုလုပ်ခဲ့မှုအတွင်း ဟစ်ဇ်ဘိုလာ ခေါင်းဆောင် ဟက်ဆန် နာစရယ်လာ (Sayyed Hassan Nasrallah) သေဆုံးသွားခဲ့ကြောင်း သိရသည်။

အစ္စရေးတို့သည် ဘေရွတ်တောင်ပိုင်းရှိ လူနေတိုက်ခန်း အဆောက်အအုံရှိ ဟစ်ဇ်ဘိုလာတို့၏ ဗဟိုဌာနချုပ် ကို ပစ်မှတ်ထား ပြီးစက်တင်ဘာ(၂၇)ရက်က လေကြောင်းတိုက်ခိုက်မှု အများအပြား ပြုလုပ်ခဲ့မှုအတွင်း ဟစ်ဇ်ဘိုလာအဖွဲ့ ခေါင်းဆောင် ဟက်ဆန် နာစရယ်လာ ကိုထိမှန်ခဲ့ပြီး ၄င်းမှာ သေဆုံးသွားခဲ့ကြောင်းအစ္စရေးစစ်တပ်ကအတည်ပြုပြောကြားခဲ့သည်။

“ဟစ်ဇ်ဘိုလာအဖွဲ့ ခေါင်းဆောင် ဟက်ဆန် နာစရယ်လာ သေဆုံး သွားပါ ပြီ” ဟု အစ္စရေးစစ်တပ် ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး Nadav Shoshani က စနေနေ့(စက်တင်ဘာ ၂၈ရက်) တွင် X လူမှုကွန်ရက်တွင် ပြောဆိုခဲ့သည်။

အစ္စရေးတို့၏ လေကြောင်းတိုက်ခိုက်မှု ကြောင့် ဟစ်ဇ်ဘိုလာတို့၏ ဗဟိုဌာနချုပ် တွင် ရှိနေသည့်၄င်းတို့၏ အဖွဲ့ခေါင်းဆောင်မှာ သေဆုံးသွားခဲ့ကြောင်း ဟစ်ဇ်ဘိုလာတို့က လည်း အတည်ပြုခဲ့ သည်။

ဘေရွတ်တောင်ပိုင်းရှိ လူနေအဆောက်အအုံအများအပြားကို အဓိကထား တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရခြင်းသည် ဟစ်ဇ်ဘိုလာတို့၏ 'ဗဟိုကွပ်ကဲမှုဌာနချုပ်' ကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်းသာ ဖြစ်ကြောင်းအစ္စရေးတို့ ကစက်တင်ဘာ(၂၇)ရက်က ပြောကြားခဲ့သည်။


အစ္စရေးသည် ယခုလအစောပိုင်းက လက်ဘနွန်ကို ထိုးစစ်အရှိန်မြှင့်ခဲ့ပြီးနောက်၊ စက်တင်ဘာ (၂၇)ရက် က ဟစ်ဇ်ဘိုလာတို့၏ 'ဗဟိုကွပ်ကဲမှုဌာနချုပ်' ရှိရာ ဘေရွတ်မြို့တောင်ပိုင်းဆင်ခြေဖုံးများကို ပစ်မှတ်ထား၍ တိုက်ခိုက်မှုသည် အပြင်းထန်ဆုံးသော ဗုံးကြဲတိုက်ခိုက်မှုတစ်ခုဖြစ်ခဲ့သည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း ကလေးငယ်အပါအ၀င် လူ(၆)ဦး ထက်မနည်း သေဆုံးခဲ့ပြီး (၉၁) ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း၊ အစ္စရေးတို့က လက်ဘနွန်ကိုလေကြောင်းမှ တိုက်ခိုက်မှုများ အဆက်မပြတ် ပြုလုပ်လျက်ရှိရာ စက်တင်ဘာ(၂၃)ရက်က တည်းက စပြီးစက်တင်ဘာ(၂၇)ရက်အထိ (၅)ရက်အတွင်း လက်ဘနွန်တွင် သေဆုံးခဲ့ရသူပေါင်း(၇၂၀)ကျော် ထိရှိလာခဲ့ပြီဖြစ်သည်ဟု ကျန်းမာရေး၀န်ကြီးဌာနက ပြောဆိုချက်အရသိရသည်။

အဆိုပါတိုက်ခိုက်မှုအတွင်း ဟစ်ဇ်ဘိုလာ အဖွဲ့ ခေါင်းဆောင် နာစရယ်လာ အပါအ၀င် ဟက်ဇ်ဘိုလာ အဖွဲ့ ရဲ့တပ်မှူးကြီး Ali Karki နှင့် အခြားတပ်မှူးများလည်းသေဆုံးခဲ့ရကြောင်းသိရသည်။

“ဟစ်ဇ်ဘိုလာတို့ရဲ့ အကြီးတန်းခေါင်းဆောင် အများစုကိုသုတ်သင် ဖယ်ရှားလိုက်ပါပြီ” ဟု အစ္စရေးလ်စစ်တပ် ပြောခွင့်ရသူ ဒုတိယဗိုလ်မှူးကြီး Nadav Shoshani က ဆက်လက် ပြောဆိုခဲ့သည်။

ဟစ်ဇ်ဘိုလာတို့ သည် ၄င်းတို့၏ ခေါင်းဆောင် နာစရာယ်လာသေဆုံးကြောင်း(စက်တင်ဘာ ၂၈ရက်) စနေနေ့နှောင်းပိုင်းတွင်အတည်ပြုခဲ့ပြီး အစ္စရေးကို ဆက်လက်တိုက်ခိုက်သွားမည် ဖြစ်ကြောင်း၊ ဂါဇာနှင့် ပါလက်စတိုင်းတို့ကို ထောက်ခံအားပေးပြီး လက်ဘနွန်နှင့် လက်ဘနွန်ရှိ ပြည်သူများကို ခုခံကာကွယ်ပေးသွားမည်ဖြစ်ကြောင်း ကတိပြုခဲ့သည်။

အသက် ၆၄ နှစ်ရှိ နာစရယ်လာ သည် အီရန်ကျောထောက် နောက်ခံပြုဟစ်ဇ်ဘိုလာ အဖွဲ့ကို (၃၂) နှစ်ကျော်ကြာ ဦးဆောင်ခဲ့သူဖြစ်ပြီးဒေသအတွင်းအင်အားကြီး စစ်သွေးကြွအဖွဲ့တစ်ခုဖြစ် အောင်ဦးဆောင်ဦးရွက်ပြုခဲ့သူ ဖြစ်သည်။

၄င်းသည် ဟစ်ဇ်ဘိုလာတို့ကို အထင်ကရနေရာတစ်ခုသို့ ရောက်ရှိအောင် ပို့ဆောင်ပေးခဲ့သူဖြစ်ပြီး နိုင်ငံရေးနှင့် ဘာသာရေးဆိုင်ရာ ခေါင်းဆောင်တစ်ဦးလည်းဖြစ်သည်။

အမေရိကန်ပြည်ထောင်စုကို အံတုနိုင်ခြင်းအတွက်လည်း ချီးကျူးခြင်းခံရသူလည်း ဖြစ်သည်။

အမေရိကန်ပြည်ထောင်စုအပါအဝင် အနောက်နိုင်ငံအချို့သည် ဟက်ဇ်ဘိုလာအဖွဲ့ကို အကြမ်းဖက်အဖွဲ့ အဖြစ်သတ်မှတ်ထားကြသည်။ Source/ Al Jazeera

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!