တနင်္ဂနွေ၊ စက်တင်ဘာလ ၂၉ရက်၊ ၂၀၂၄

ကျောက်ဖြူမြို့နယ်တွင် စစ်ကောင်စီ မိုင်းကိုနင်းမီပြီးအမျိုးသားတစ်ဦးသေဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၉ စက်တင်ဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 280

မင်းသျှင်စော၊ နိရဉ္စရာ ၊စက်တင်ဘာ၂၉/ ၂၀၂၄

ရခိုင်ပြည်၊ကျောက်ဖြူမြို့နယ်၊ဂုံးချွိန်တိုက်နယ်၊အုန်းတောကျေးရွာတွင် စစ်ကောင်စီတပ်​ ထောင်ထားသည့် မိုင်းကိုနင်းမိပြီးအမျိုးသားတစ်ဦး သေဆုံးသွားကြောင်းသတင်းရရှိပါသည်။

သေဆုံးသွားသည့်အမျိုးသားမှာ ကိုမောင်မောင်ချေ (ခ) ကိုမျိုးထက်(၂၅)နှစ် ဖြစ်သည်ဟု မိသားစုဝင် အုန်းတောရွာသားတစ်ဦးက နိရဉ္စရာသတင်းဌာနကို ပြောသည်။

"သူ့က စက်တင်ဘာ ၂၇ ရက်နေ့ မွန်းလွဲ ၂ နာရီကျော်ခန့်မှာ ရွာနင့်မနီးမဝေး သစ်ပုတ်ချေ မျက်တောင်အနားမှာ ဟင်းရှာသွားတယ်။ ညနေ ၃ နာရီကျော်လောက်မှာတော့ ပေါက်ကွဲသံ ကြားတယ်။ သွားကြည့်တော့ ညာဖက်ခြေထောက်ပြတ်နေပြီ ကျန်နေရာအနှံ့ကလည်း ဒဏ်ရာပြင်းထန်တယ်။ ချက်ချင်းဆေးရုံကိုသွားတယ်။ ဆေးရုံရောက်တော့ သွေးထွက်လွန်ပြီး သေသွားတယ်"ဟု ၄င်းကပြောသည်။

မိုင်းပေါက်ကွဲပြီး မောင်မောင်ချေမှာ ညာဖက်ခြေထောက် ဒူးဆစ်အောက်က ပြတ်ထွက်သွားပြီး ခန္ဓာကိုယ်အနှံ့ ဒဏ်ရာရကာ သွေးထွက်လွန်ပြီး သေဆုံးသွားသည်ဟုဆိုသည်။

၄င်းအနီးအနားတွင် စစ်ကောင်စီ၏ ခလရ (၃၄) တပ်ရင်းရှိပြီး ၎င်းတပ်ရင်းက ထောင်ထားသည့် မိုင်းဟု ဒေသခံများကပြောကြားသည်။

ကျောက်ဖြူမြို့နယ်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့ နှစ်ဖက်စစ်ရေး တင်းမာနေပြီး စစ်ကောင်စီက ကျောက်ဖြူမြို့ ပတ်ပတ်လည်တွင် လူနေကျေးရွာများ အနီးတွင်ပါ မြေမြှုပ်မိုင်းများထောင်ထားပြီး နင်းမိပါ နင်းမိသူက မိုင်းဖိုးကို လျော်ရမည်ဟု အမိန့် ထုတ်ထားသည်ဟုလည်း ဒေသခံများက ပြောသည်။ 

ယခုလို ပြည်သူများ လုပ်ကိုင်စားသောက်နေသည့် တောတောင်များတွင် မိုင်းထောင်ထားသည့် အတွက် လက်လုပ်လက်စားဒေသခံများအနေဖြင့် လုပ်ကိုင်စားသောက်ရန် အထူးအခက်အခဲဖြစ်နေကြသည်ဟု သိရသည်။

ဆက်စပ် သတင်းများ