တနင်္ဂနွေ၊ စက်တင်ဘာလ ၂၉ရက်၊ ၂၀၂၄

စစ်တွေမြို့နယ်နှင့် ပုဏ္ဏားကျွန်းမြို့နယ်အစပ် ကျေးရွာများအား စစ်ကောင်စီက ဗုံးလာကြဲ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၉ စက်တင်ဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 432

စောရှင်မေ၊ နိရဉ္စရာ၊ စက်တင်ဘာ ၂၉/၂၀၂၄

ရခိုင်ပြည်၊ စစ်တွေမြို့နယ်နှင့် ပုဏ္ဏားကျွန်းမြို့နယ်အကြား မြို့နယ်ချင်း ဆက်စပ်နေသည့် နေရာတွင်တည်ရှိသည့် ကျေးရွာအချို့အား စစ်ကောင်စီက Y-12 လေယာဉ်ဖြင့် ယနေ့ နံနက်တွင် ဗုံးလာကြဲသည်ဟု သိရသည်။

၎င်းကျေးရွာများသည်  ပြီးခဲ့သည့်လက တိုက်ပွဲဖြစ်ခဲ့သည့်နေရာ အနီးအနားရှိ ကျေးရွာများ ဖြစ်ကြသည်ဟု ဒေသခံများက ပြောသည်။

ယနေ့ စက်တင်ဘာ ၂၉ ရက်၊ နံနက် ၁၁ နာရီကျော်ခန့်တွင် စစ်တွေလေဆိပ်မှပျံတက်သွားသည့် Y-12 လေယာဥ်တစ်စီးက စစ်တွေမြို့နယ်ရှိ ဝါဘို၊ မင်းလှကျေးရွာနှင့် ပုဏ္ဏားမြို့နယ်ရှိ စပါးထား၊ ခမောင်းတောနှင့် ကန်ချောင်းရွာတို့ကို ဗုံးများကြဲချခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ 

စစ်တွေမြို့ခံတစ်ဦးက "စစ်တွေလေဆိပ်ကနေ တက်သွားတယ်။ တော်တော်အမြင့် ရောက်အောင် တက်ပြီး လေယာဥ်ကွင်းအနီးအနားမှာဝဲနေသေးတယ်။ ခဏနေတာနဲ့ ဗုံးချသံကြားတာပဲ။ ၇ ခေါက်ချခဲ့တယ်။ တစ်ခေါက်ချရင် လေးငါးလုံး အသံကြားရတယ်" ဟု ပြောသည်။

ထို့သို့ ဗုံးကြဲခံခဲ့ရသည့်နေရာများအနက် ပုဏ္ဏားကျွန်းဘက်တွင် အထိအခိုက်တစ်စုံတစ်ရာ မရှိကြောင်း သိရသည်။

စစ်တွေမြို့နယ်ဘက်တွင် အထိအခိုက်ရှိမရှိကို မသိရှိရသေးဟု ယင်းရွာတို့နှင့် နီးစပ်သူ တစ်ဦးက ပြောသည်။

"ဗုံးလာကြဲတော့ ရွာထဲမှာလည်း ကျတယ်။ ရွာပြင်မှာလည်း ကျတယ်။ ပုဏ္ဏားကျွန်း ဘက်မှာတော့ အထိအခိုက်မရှိဘူး။ စစ်တွေဘက်မှာက အထိအခိုက်အပျက်အစီးကို မသိရသေးဘူး။ မေးကြည့်နေတုန်း။ ဒီလို ဗုံးလာကြဲတာကတော့ အဓိက အေအေရှိတယ် ထင်လို့နေမှာပေါ့"ဟု ပြောသည်။

စစ်တွေမြို့နှင့်အနီးတဝိုက်တွင် လက်ရှိတိုက်ပွဲတစ်စုံတစ်ရာမဖြစ်ပွားဘဲ စစ်ကောင်စီက အကြောင်းမဲ့သက်သက် ဗုံးလာကြဲသည့်အတွက် မြို့ခံများမှာ အထူးစိုးရိမ်နေကြသည်ဟု စစ်တွေမြို့ခံအမျိုးသမီးတစ်ဦးက ပြောသည်။

"အခုက စစ်မဖြစ်ဘဲလေယာဥ်နဲ့ ဗုံးလာကြဲနေတော့ ကျွန်မတို့နေတဲ့ဘက်တွေလည်း လာကြဲမလားစိတ်ပူနေရတယ်။ မြို့ခံပြည်သူတွေကလည်း ထိခိုက်မှာစိုးရိမ်နေကြတယ်"ဟု ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၂၁ ရက်၊ ညနေ ၄ နာရီကျော်ခန့်ကလည်း ဂျက်ဖိုက်တာတစ်စီးဖြင့် ဝါဘိုကျေးရွာသို့ ဗုံးတစ်လုံးလာကြဲသွားခဲ့သည်။

ယနေ့ဗုံးကြဲခံရသည့်ရွာများအနက် စစ်တွေမြို့နယ်၊ မင်းလှကျေးရွာအနီးတွင် ပြီးခဲ့သည့် သြဂုတ် ၂၉ ရက်က အာရက္ခတပ်တော်(AA)နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု သိရသည်။

အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ အလောင်း ၃၀ ကျော်နှင့် လက်နက် ၅၀ ကျော် သိမ်းဆည်းရမိခဲ့သည်ဟုလည်း AA ပြောခွင့်ရသူ ဦးခိုင်သုခက ပြောဆိုထားသည်။

ယင်းတိုက်ပွဲအပြီး နှစ်ဘက်တိုက်ပွဲဖြစ်ပွားမှုမရှိသေးသော်လည်း တိုက်ပွဲဖြစ်ပွားခဲ့ရာ အနီးတဝိုက်ရှိ ကျေးရွာများကို စစ်ကောင်စီဘက်က လေကြောင်းပစ်ခတ်မှုများနှင့်အတူ စစ်တွေမြို့ရှိ တပ်စခန်းများမှ လက်နက်ကြီးများဖြင့် လှမ်းပစ်မှုများ မကြာခဏ ပြုလုပ်နေကြောင်း သိရသည်။

အဆိုပါကျေးရွာများမှ ဒေသခံများသည်လည်း ဘေးလွတ်ရာသိူ့တိမ်းရှောင်နေကြရသည်ဟု ဒေသခံများက ပြောသည်။

ဓာတ်ပုံ - ပုံဟောင်း

 

ဆက်စပ် သတင်းများ