Preview

စစ်ကောင်စီလေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် မောင်တောမြို့မှ နေရာအချို့တို့ မီးလောင်နေ

စက်တင်ဘာ ၂၉/ ၂၀၂၄ | ကြည့်ရှုသူ :1945
ရခိုင် သတင်း

နောင်မင်းသူနှင့် မင်းသျှင်စော၊ နိရဉ္စရာ၊စက်တင်ဘာ ၂၉/၂၀၂၄

၇ခိုင်ပြည်၊ အနောက်ဖက်နယ်စပ် မောင်တောမြို့ကိုယနေ့တွင်စစ်ကောင်စီမှ ဗုံးအလုံး ၂၀ထက်မနည်း ကြဲချခဲ့သောကြောင့် မောင်တောမြို့ မှ ရပ်ကွက်နှင့် ကျေးရွာအချို့မီးလောင်နေသည်ဟု သတင်း ရရှိသည်။

ယနေ့ ညနေပိုင်း ရရှိသော သတင်းများအ၇ မောင်တောမြို့ အမှတ်၂ ရပ်ကွက် နာရီစင်အနီး မီးစက်ခွဆုံတွင် မီးအများဆုံး လောင်နေပြီးမြို့မကညင်တန်း၊ ပန်းတောပြင်၊ ညောင်ချောင်း တို့မှ နေအိမ် တချို့ပါ မီးလောင်နေသည်ဟု သိ၇သည်။

မောင်တောမြို့မှ နောက်ဆုံး လက်ကျန်စခန်းတစ်ခုဖြစ်သော မြို့သူကြီးနခခ( ၅) ကို အာရက္ခတပ်တော် (AA)မှပြင်းပြင်းထန်ထန် ထိုးစစ်ဆင်တိုက်ခိုက်နေပြီး အကျအဆုံးများနေသဖြင့် စစ်ကောင်စီက လူနေကျေးရွာများကို ဗုံးကြဲနေခြင်းဖြစ်သည်ဟု စစ်ရေးလေ့လာနေသူ ဒေသခံတစ်ဦးက နိရဉ္စရာသတင်းဌာနကို ပြောကြားသည်။

“ အခုနခခ ၅ မှာ အကျအရှုံးများနေတယ်။ ထွက်ပြေးနေသူတွေလည်းရှိတယ်။ဒီအတွက် အငြိုးနဲ့ ကျေးရွာ ရပ်ကွက်တွေကိုပါ ဗုံးကြဲနေတာ။ ပထမ မောင်တောမြို့ အမှတ်၂ ရပ်ကွက်နဲ့  မြို့မကညင်တန်းတို့ စမီးလောင်နေတာကို မြင်ရတယ်။ အခု ရွှေဇားနဲ့ဝိမလကျေးရွာတို့ဘက်ကပါ မီးခိုးတွေ တက်လာတာကို တွေ့ရပါတယ်။ ပန်းတောပြင်နဲ့ ညောင်ချောင်းတို့မှာလည်း ဗုံးချလို့ နေအိမ်တချို့ မီးလောင်သွားခဲ့တယ်လို့ သိ၇ပါတယ်” ဟု ၎င်းက ပြောသည်။

လက်ရှိအချိန်ထိ ဗုံးကြဲနေသဖြင့် နေအိမ်တချို့ မီးလောင်နေပြီးမည်သူမျှ မီးမငြိမ်းသတ်ရဲဟု ဆိုသည်။

"ဒီနေ့ မနက် ၈ နာရီကျော်ကတည်းက ဗုံးလာချနေတာပါ။   Y-12လေယာဉ်နဲ့ ကျွန်တော် စကားပြောနေတုန်းလည်း ချနေတာဘဲ။ကျွန်တော်ရေတွက်ထားတာကဗုံးအလုံး ၂၀ကျော်ပြီ။ ဘယ်သူမှလည်း သွားလို့မီးကိုမသတ်ရဲဘူးလေ။ ဘာကြောင့်လည်း ဆိုတော့ လေယာဉ်က ဗုံးကြဲတာ မရပ်သေးဘူး။ လူအသေအပျောက်တော့ မသိ၇သေးဘူး” ဟုဆိုသည်။

မောင်တောမြို့၏စစ်ကောင်စီနောက်ဆုံးစခန်း နခခ (၅) မြို့သူကြီးကို အေအေမှ ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်တိုက်ခိုက်နေပြီးစစ်ကောင်စီဖက်မှအကျအရှုံးများကာစခန်းမှလည်းတချို့ထွက်ပြေးနေကြပြီးနောက် လေယာဉ်များဖြင့် အဆက်မပြတ်ဗုံးကြဲနေခြင်းဖြစ်သည်။

စစ်ကောင်စီသည် မြို့သူကြီး နခခ (၅)  ရေကြောင်းမှလက်နက်ကြီးပစ်ကူပြီး လေကြောင်းမှဂျက်ဖိုက်တာများဖြင့် အသည်းအသန် ခုခံကာကွယ်နေသော်လည်း AA ၏  ထိုးစစ်မှာ ရပ်နားခြင်း မရှိဘဲ ပိုမို ပြင်းထန်လာသည်ဟု ဒေသခံများက ပြောဆိုသည်။

၎င်းစခန်းထဲမှ စစ်ကောင်စီနှင့်  မူဆလင်လက်နက်ကိုင်တို့ကလည်း အေအေ၏ ထိုးစစ်ဆင် တိုက်ခိုက်မှုကို ခုခံနေကြသည်ဟု သိ၇သည်။

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.