တနင်္လာ၊ စက်တင်ဘာလ ၃၀ရက်၊ ၂၀၂၄

အိန္ဒိယသည် သူ့အကျိုးစီးပွားများအတွက် AA ကိုအသိအမှတ်ပြုပြီး ဆက်လက် ညှိုနှိုင်းဆွေးနွေးမည့်အနေအထား မြင်တွေ့လာရဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၀ စက်တင်ဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 370

လူထက်နိုင် (ဒွါရာမြီ)၊ နိရဉ္စရာ၊ စက်တင်ဘာ ၂၉/ ၂၀၂၄

အိန္ဒိယနိုင်ငံသည် သူ့အကျိုးစီးပွားများအားကာကွယ်ရန် အာရက္ခတပ်တော်(AA)အား အသိအမှတ်ပြုပြီး ဆက်လက်ညှိုနှိုင်း ဆွေးနွေးမည့်အနေအထားမြင်တွေ့လာရကြောင်း နိုင်ငံရေးလေ့လာသူများက သုံးသပ်ပြောဆိုကြသည်။

AA အပါအဝင် မြန်မာစစ်အစိုးရအား ဆန့်ကျင်နေသည့် အတိုက်အခံအင်အားစုများကို ဖက်ဒရယ်ဆိုင်ရာဆွေးနွေးပွဲသို့ တက်ရောက်ရန် အိန္ဒိယက ဖိတ်ခေါ်ခဲ့သည့်အပေါ်  အမြင်သဘောထားကို ဆက်သွယ်မေးမြန်းစဉ် ထိုသို့ ပြောကြားသွားခဲ့ကြခြင်းဖြစ်သည်။

မြန်မာနိုင်ငံရေးလေ့လာသူ ဦးသန်းစိုးနိုင်က “ အန္ဒိယနိုင်ငံအနေနဲ့ သူ့အကျိုးစီးပွားတွေ ကာကွယ်ဖို့ဆိုလို့ရှိရင် ရခိုင်ပြည်နယ်ရဲ့ ဒေသ အများစုကို သိမ်းပိုက်ထားတဲ့ အေအေနဲ့ပဲ ဆက်လက်ညှိုနှိုင်း ဆွေးနွေးလာရမယ့် အနေအထား ရှိတယ်။ အဲဒီအနေအထားကို အခုက မြင်တွေ့လာရတာဖြစ်တယ်လို့ သုံးသပ်ပါတယ်”ဟု ဦးသန်းစိုးနိုင်က ပြောသည်။

ထို့အပြင် အေအေ၏ အောင်ပွဲများအား အိန္ဒိယအနေဖြင့် မလွှဲမရှောင် အသိအမှတ် ပြုရမည်ဖြစ်ကြောင်းလည်း သူကသုံးသပ်ပြောဆိုသည်။

“အေအေရဲ့အောင်ပွဲတွေ မလွှဲမရှောင်အသိအမှတ်ပြုရတာက အချက်တစ်ချက်အနေနဲ့ ပါဝင်ပါတယ်။ ဒါပေမယ့် အေအေတစ်ဖွဲ့တည်း မဟုတ်ဘဲနဲ့ တခြားသော NUG အပါအဝင် နွေဦးတော်လှန်ရေးခေါင်းဆောင်အင်အားစု အများစုကိုဖိတ်ခေါ်ပြီးတော့ မြန်မာပြည် ပြည်သူလူထုက လိုလားနေတဲ့  ဖက်ဒရယ် ဒီမိုကရေစီနဲ့ပတ်သက်ပြီးတော့ သူ့တိုအ တွေ့အကြုံတွေဖလှယ်တာ၊ ဆွေးနွေးတာမျိုးလုပ်ဖို့ ကမ်းလှန်လာတဲ့အတွက် နိုင်ငံရေးအရ တိုးတက်လာတယ်လို့ ပြောလို့ရတယ်။ ကျွန်တော်တို့တိုင်းပြည် အတွက်အကျိုးရှိတဲ့ ဆွေးနွေးပွဲ တစ်ရပ်ဖြစ်လိမ့်မယ်လို့ သုံးသပ်ပါတယ်”ဟု ပြောသည်။

အိန္ဒိယနိုင်ငံသည် စစ်ကောင်စီအား စစ်ရေးအရ လက်နက်များ ထောက်ပံ့ပေးနေသော နိုင်ငံတစ်ခုဖြစ်သည်သာမက ဒေသအတွင်း အင်အားကြီး ဒီမိုကရေစီနိုင်ငံကြီး တစ်ခုဖြစ်သော်လည်း စစ်ကောင်စီ၏ လူ့အခွင့်ရေးချိုးဖောက်မှုများအပေါ်  လုံး၀ ရေငုံနှုတ်ပိတ်နေသော နိုင်ငံဖြစ်သည်။

၎င်းပြင်အိန္ဒိယသည် ၁၉၉၈ ခုနှစ်က ဖေဖော်ဝါရီလအတွင်းကလည်း ရခိုင်တော်လှန်ရေး ခေါင်းဆောင် ဗိုလ်ချုပ်ခိုင်ရာဇာအပါအဝင် ခေါင်းဆောင် ၆ ဦးကို  စာချုပ် အတုများဖြင့် သူ့နိုင်ငံသို့ လိမ်လည်လှည့်ဖျားခေါ်ယူပြီး သူ့နိုင်ငံအတွင်းတွင်ပင် သွေးအေးအေးဖြင့် လုပ်ကြံသတ်ဖြတ်ပစ်ခဲ့သည်။


ဖိတ်ကြားထားသည့်အဖွဲ့များတွင် အိန္ဒိယနိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် ချင်း၊ ရခိုင်နှင့် ကချင်ပြည်နယ်များမှ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် စင်ပြိုင်အစိုးရဖြစ်သည့် အမျိုးသားစည်းလုံးညီညွတ်ရေးအစိုးရ (NUG)တို့ ပါဝင်သည်ဟု ဆိုသည်။

အိထိုသို့ဖိတ်ကြားမှုနှင့်ပတ်သက်ပြီး ရခိုင်ဝါရင့်နိုင်ငံရေးသမား ဦးဖေသန်းကိုလည်း နိရဉ္စရာ သတင်းဌာနက မေးမြန်းခဲ့ရာ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA)နှင့် အိန္ဒိယဆက်ဆံရေးသည် အရေးကြီးကြောင်း ပြောဆိုခဲ့သည်။

“ULA/AA က အိန္ဒိယနဲ့ဆက်ဆံရေးဟာ တော်တော်ကို အရေးကြီးတယ်ပေါ့။ ဘာလို့လဲဆို ULA/AA က တော်လှန်ရေးအစိုးရတရပ်ဖြစ်တယ်။ သာမန်အဖွဲ့အစည်းမဟုတ်တော့ဘူး။ ကုလားတန် စီမံကိန်းလို အရေးကြီးတဲ့အစိတ်အပိုင်းတွေနဲ့ အိန္ဒိယနဲ့ စကားပြောရမယ့် အပိုင်းတွေ အများကြီးရှိတယ်ပေါ့။ ကုလားတန်စီမံကိန်းမှာ ULA/AA ရဲ့အခန်းကဏ္ဍဟာ တော်တော်လေး အရေးကြီးပါတယ်။ အဲ့ဒီပရောဂျက်အောင်မြင်ဖို့ဆိုရင် ULA/AA မပါလို့ကို မဖြစ်နိုင်ပါဘူး။ အဲလိုဖြစ်နေတယ်။ သူတို့ဘက်က လျှပ်စစ်မီးတွေ ရောင်းချဖို့ ဒီဖက်မှာ ကုလားတန်စီမံကိန်း အောင်မြင်အောင်လုပ်ဖို့ ကမ်းလှမ်း ထားတာလည်း ရှိတယ်” ဟု ပြောဆိုသည်။

ULA/AA သည် စစ်ကောင်စီက အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားသည့် အဖွဲ့အစည်းဖြစ်ပြီး အိန္ဒိယက လိုလိုလားလားနှင့် ဖိတ်ခေါ်ခြင်းကိုကြိုဆိုရမည်ဟုလည်း ဦးဖေသန်းက ပြောဆိုသည်။

“အိန္ဒိယက နေပြီးတော့ NUG အပါအဝင် အဖွဲ့လေးဖွဲ့ကိုဖိတ်ခေါ်တယ်။ အေအေအပါအဝင် လေးဖွဲ့ကို ဖက်ဒရယ်နဲ့ပတ်သက်ပြီး ဆွေးနွေးဖို့ ဖိတ်ခေါ်တယ်လို့ သိရပါတယ်။ ဒါက နိုင်ငံ တနိုင်ငံအနေနဲ့တော်လှန်ရေးအဖွဲ့တွေကို အသိအမှတ်ပြုလိုက်တဲ့သဘောပေါ့။ အသိအမှတ် ပြုတယ်ဆိုတာက ဆက်ဆံဖို့ အသိအမှတ်ပြုတာတော့မဟုတ်ပါဘူး။ ဒါက ဆွေးနွေးဖက် အနေနဲ့ပေါ့။ တဖက်က ULA/AA ဆိုရင် အကြမ်းဖက်အဖွဲ့အစည်းတောင်မှ သတ်မှတ်ထားတဲ့ အဖွဲ့အစည်း။ ဒါကို လိုလိုလားလားနဲ့ ဒေသန္တရအခြေအနေအရ ဖိတ်ခေါ်ပြီးတော့ ကျွန်တော်တို့သွားချင်တဲ့ ဖက်ဒရယ်၊ ဘယ်လိုပုံစံမျိုးရှိမလဲ။ သူတို့ မြင်တွေ့နေရတဲ့ ဖက်ဒရယ် ပုံစံပေါ့။အဲ့ဒါကိုဆွေးနွေးပြီးတော့ ဒေသကိုတည်ငြိမ်အောင် ကြိုးစားချင်တဲ့သဘောလို့ မြင်ပါတယ်။ ကျွန်တော်တို့က ကောင်းတဲ့အလားအလာလို့ မြင်ပါတယ်။ ပထမဆုံး တော်လှန်ရေး တပ်ဖွဲ့တွေကို ဖိတ်ခေါ်တဲ့အတွက် ရှေ့လျှောက် ပြီးတော့လည်း အိန္ဒိယနဲ့ ဆက်ဆံရေးဟာ ပိုကောင်းလာမယ့် အလားအလာပဲ။ စစ်ကောင်စီ ကတော့ ကြိုက်မှာ မဟုတ်ဘူး။ တော်လှန်ရေးအင်အားစုတွေအတွက်တော့ ထူးခြားတဲ့ အခြေအနေပါ။ လိုလိုလားလားဖိတ်ခေါ်တဲ့အတွက် ကြိုဆိုရမယ့်ဖြစ်စဉ်လို့ ထင်ပါတယ်” ဟုပြောသည်။

အိန္ဒိယနိုင်ငံမှဖိတ်ခေါ်သည့် လက်နက်ကိုင်အဖွဲ့များတွင် အိန္ဒိယနှင့် နယ်နိမိတ်ချင်း ထိစပ် နေသော ရခိုင်ပြည်နယ်ရှိ အရေးပါသော နယ်မြေများကို ထိန်းချုပ်ထားသည့် အာရက္ခတပ်တော် (AA)နှင့် မြန်မာ၏ အင်အားအကြီးဆုံး လက်နက်ကိုင်အဖွဲ့အစည်း တစ်ခုဖြစ်သည့် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA)တို့ ပါဝင်ကြောင်း သိရသည်။

အဆိုပါတွေ့ဆုံ နှီးနှောဖလှယ်ပွဲကို အိန္ဒိယအစိုးရ၏ ရန်ပုံငွေဖြင့် အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့၌ လာမည့် နိုဝင်ဘာလတွင် ကျင်းပသွားမည်ဟု သိရသည်။

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) အနေဖြင့် အိန္ဒိယအစိုးရနှင့် ဆက်ဆံရာတွင် ရှေ့က ရခိုင်တော်လှန်ရေး ခေါင်းဆောင်များ လုပ်ကြံသတ်ဖြတ်ခံခဲ့ရမှု အပေါ် သင်ခန်းစာယူပြီး အိန္ဒိယနှင့် ဆက်ဆံရေးကို သတိထားဆက်ဆံရန် လိုအပ်ကြောင်း ရခိုင်အမျိုးသားရေး သမားများ၏ သတိပေး အကြံပြုချက်များလည်း ထွက်ပေါ်နေသည်။  ဓာတ်ပုံ- ဝီကီပီးဒီးယား

ဆက်စပ် သတင်းများ