တနင်္လာ၊ စက်တင်ဘာလ ၃၀ရက်၊ ၂၀၂၄

AAနှင့် ဆက်စပ်သံသယဖြင့် ဖမ်းဆီးအမှုဖွင့်ခံထားရသည့် အမျိုးသားတစ်ဦးကို ရဲစခန်းအချုပ်ထဲက စစ်တပ်မှခေါ်ထုတ်သွား


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၀ စက်တင်ဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 331


သဉ္ဇာနွယ်၊ နိရဉ္စရာ၊ စက်တင်ဘာ ၃၀ /၂၀၂၄

အာရက္ခတပ်တော် (AA) နှင့် ဆက်စပ်သံသယဖြင့် ဖမ်းဆီးအမှုဖွင့်ခံထားရသည့် တောင်ကုတ် ရဲစခန်းမှ အမျိုးသားတစ်ဦးကို  စစ်တပ်မှခေါ်ထုတ်သွားခဲ့သဖြင့် မိသားစုများ စိုးရိမ်နေကြသည်ဟု သတင်းရရှိသည်။

၎င်းသူမှာ တောင်ကုတ်မြို့နယ်၊ ဝက်ကျိတ်အုပ်စု၊ သာယာအေးကျေးရွာမှ ကိုကျော်ဝင်းချေ အသက် (၃၂)နှစ်ဖြစ်သည်။

တောင်ကုတ်မြို့မရဲစခန်းတွင် ချုပ်နှောင်ခံထားရသည့် ကိုကျော်ဝင်းချေကို ယနေ့ စက်တင်ဘာ ၂၉ ရက် နံနက် ၁၀ နာရီခွဲခန့်က စစ်တပ်မှ  ဗိုလ်တစ်ဦးက အရေးပေါ်ဟု ဆိုကာ စစ်ကားတစ်စီးဖြင့်  လာရောက် ခေါ်ဆောင်သွားခဲ့သည်ဟု  ၎င်းသူနှင့် နီးစပ်သည့် တောင်ကုတ်ဒေသခံအမျိုးသမီး တစ်ဦးက နိရဉ္စရာ သတင်းဌာန ကိုပြောသည်။

" သူ့ကို အရေးပေါ်ကိစ္စရှိတယ်။ အထုပ်တွေပါတစ်ခါထဲယူခဲ့ဆို ပြီး ဗိုလ်တစ်ဦးနဲ့ နောက်တစ်ယောက်က ကားနဲ့ လာခေါ်သွားတာ။ ဘယ်တပ်ကိုခေါ်သွားလဲဆိုတာတော့ တိတိကျကျမသိဘူး။ သူတစ်ယောက် ထဲကိုဘဲ ခေါ်သွားတာ။ သူကနိုင်ငံရပုဒ်မ နဲ့အမှုဖွင့်ခံရတာ။  AA နဲ့ဆက်စပ်တယ်ဆိုပြီး ဖမ်းထားတာပါ။  ဘယ်ပုဒ်မလဲဆိုတာ ကျမလည်း သိမ်မမှတ်မိတော့ဘူး နိုင်ငံရေးပုဒ်မ လို့သိရတယ်။ ပုဒ်မတွေကအများကြီးတပ်ထားတာ" ဟုပြောသည်။

ကိုကျော်ဝင်းနိုင်ကို ဇူလိုင်လအတွင်း အဖမ်းခံရသည့် နေ့မှစ၍ မိသားစုဝင်နှင့် တွေ့ခွင့်မပေးသည့် အပြင် ယခုကဲ့သို့ စပ်တပ်ထဲသို့ ခေါ်ယူခြင်းခံရသည့် အတွက် အလွန်တရာစိုးရိမ်မိသည်ဟု မိသားစုဝင် အမျိုးသမီးတစ်‌ဦးက နိရဉ္စရာကို ပြောသည်။

" ရဲစခန်းမှာ ချုပ်ထားကတည်းက မိသားစုတွေနဲ့တွေ့ခွင့်မပေးဘူး။ အခုခေါ်သွားတာလည်း ဗြုန်းစားကြီးဆိုတော့ သူ့မိန်းမကတော့မသိသေးဘူး။ သူ့မိန်းမက တခြားနယ်မှာဆိုတော့။ မိသားစုဝင် တစ်ယောက်အနေနဲ့ တော့စိတ်ပူတယ်။ စစ်တပ်ထဲခေါ်သွားလို့ တခုခုဖြစ်သွားမှာကို စိုးရိမ်တယ်" ဟုပြောသည်။

တောင်ကုတ်ရဲစန်းတွင် အချုပ်ကျခံရသူရသူများကို ရဲတာဝန်ရှိသူများက ထမင်းဝအောင် မကျွေးသည့်အပြင် လူ့အခွင့်အရေး ချိုးဖောက်မှုများရှိနေသဖြင့် စစ်တပ်က ခေါ်သွားပါက ပိုမို နှိပ်စက်မှု ပြုလုပ်နိုင်သည်ဟုလည်း ရဲစခန်းနှင့်နီးစပ်သူများက ပြောသည်။

စစ်တပ်ထဲ ခေါ်ဆောင် ခံရသည့် ကိုကျော်ဝင်းနိုင်မှာ ပြီးခဲ့သည့် ဇူလိုင် ၇ ရက် နေ့လယ်ပိုင်းက တောင်ကုတ်မြို့မတိုက်နယ်၊ ဝဲကြီးရွာမှ ဦးကျောက်ဖြူ (၄၀)နှစ်နှင့် အတူ ဦးကျောက်ဖြူ၏ နေအိမ်တွင် အဖမ်းခံခဲ့ကြရပြီး တောင်ကုတ် ခမရ (၅၄၄) တပ်ရင်းတွင် ချုပ်နှောင် နှိပ်စက်ခံထားရသူ တစ်ဦးဖြစ်ကြောင်း သိရသည်။

တောင်ကုတ်မြို့ ၊ တောင်ကုတ်တက္ကသိုလ်အနီးတပ်စွဲထားသည့် စစ်ကောင်စီ တပ်စခန်းကို ယမန်နေ့ စက်တင်ဘာ ၂၈ ရက်နေ့ က အာရက္ခတပ်တော် (AA) က အဝေးထိန်းဒရုန်းနှင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး နောက် လက်နက်ငယ်များဖြင့် အနီးအနားကျေးရွာများနှင့် လမ်းသွားလမ်းလာများကို မိနစ် ၃၀ ကြာ ကြာ ပစ်ခတ်ခဲ့သည်ဟု ဒေသခံများက  ပြောသည်။

လက်ရှိတွင် တောင်ကုတ်မြို့တွင် စစ်ရေးတင်းမာနေပြီး အာရက္ခတပ်တော်က ဒရုန်းဖြင့် စစ်စခန်းများကို တိုက်ခိုက်မှု ရှိနေသလို စစ်ကောင်စီဘက်ကလည်း  လေယာဉ်များဖြင့် အေအေရှိနိုင်သည်ဟု ထင်သည့် လူနေကျေးရွာများကို ဗုံးကြဲမှုများ မကြာခဏ ပြုလုပ်နေသဖြင့် အရပ်သားများ ထိခိုက်သေဆုံးမှုများ ဖြစ်ပေါ်နေသည်ဟု သိရသည်။

ဆက်စပ် သတင်းများ