တနင်္လာ၊ စက်တင်ဘာလ ၃၀ရက်၊ ၂၀၂၄

ရခိုင်မှ လူငယ်များ မူးယစ်ဆေးဝါးသုံးစွဲမှု များပြားလာ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၀ စက်တင်ဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 522

ဆလိုင်းမိုးအောင်၊ နိရဉ္စရာ၊ စက်တင်ဘာ ၃၀/၂၀၂၄

ရခိုင်မှလူငယ်များသည် ယခုနောက်ပိုင်း မူးယစ်ဆေးဝါးသုံးစွဲမှု များပြားလာနေကြောင်း စုံစမ်းသိရသည်။

ရခိုင်မှာ လက်ရှိဖြစ်ပွားနေသော တိုက်ပွဲများကြောင့် ကျောင်းသားအရွယ် လူငယ်များမှာ ကျောင်းမတက်ရဘဲ ကျောင်းရပ်နားလိုက်ရခြင်း၊ အလုပ်အကိုင်ရှားပါးကာ အလုပ်လက်မဲ့ ဖြစ်ရခြင်းတို့ကြောင့် ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာများ ထိခိုက်နစ်နာနေသည့် အတွက် စိတ်ထွက်ပေါက် တစ်ခုအနေဖြင့် မူးယစ်ဆေးဝါးများသုံးစွဲမှုများပြားလာနေခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

မြောက်ဦးမြို့နယ်မှ လူငယ်တစ်ဦးက "အခုအခြေအနေက ရခိုင်မှာတက္ကသိုလ်ကျောင်းသား အများစုက ကျောင်းမတက်ရဘူး။ အလုပ်အကိုင်ကလည်းမရှိနဲ့ စိတ်တွေလေနေကြတယ်။ ဆိုတော့ ညနေဘက်တွေဆို အပေါင်းအသင်းတွေနဲ့စုပြီး အရက်သေစာ သောက်စား လာကြတယ်။ အဲဒီကနေ ဆေးခြောက်တွေဝယ်ပြီး မူးယစ်ဆေးဝါးတွေ သုံးစွဲမှု များပြားလာနေတာ။ နယ်ဘက်ကလူငယ်တွေရဲ့ အရက်ဝိုင်းတွေမှာ ဆေးခြောက်နဲ့ တခြားမူးယစ်ဆေးတွေ မပါမဖြစ် ဖြစ်နေတာကို မြင်တွေ့နေရပါတယ်"ဟု ပြောသည်။

အဆိုပါမူးယစ်ဆေးဝါးသုံးစွဲသည့် ရခိုင်မှ လူငယ်များမှာ အသက်မပြည့်သေးသည့် ဆယ်ကျော်သက် အရွယ်လူငယ်များ၊ တက္ကသိုလ်ကျောင်းသားလူငယ်များနှင့် အသက် ၃၅ နှစ်မှ အသက် ၄၀ ကျော်အရွယ်လူကြီးများလည်းပါဝင်ကြောင်း စုံစမ်းသိရသည်။

အသက်မပြည့်သေးသည့် ဆယ်ကျော်သက်အရွယ်လူငယ်များမှာ ဆေးခြောက်များကို အများအားဖြင့် သုံးစွဲကြပြီး တက္ကသိုလ်ကျောင်းသားလူငယ်များနှင့် သက်ကြီးပိုင်း အရွယ်လူကြီးများမှာ WY စိတ်ကြွရူးသွပ်ဆေးပြားများကို သုံးစွဲမှုများပြားနေကြောင်းလည်း သိရသည်။

ကျောက်တော်မြို့မှ ကိုခိုင်ဇော်လင်းက "လူငယ်တွေ မူးယစ်ဆေးဝါး သုံးစွဲနေတာကို အိမ်က မိသားစုတွေသိပုံမရကြဘူး။ ဒီအခြေအနေမှာ ' ဝိ 'လို့ခေါ်ကြတဲ့ ဆေးခြောက်တွေလည်း ရခိုင်မှာ ဖောဖောသီသီရတယ်။ အဲဒီဆေးခြောက်တွေကိုလည်း ဖက်ကြမ်းဆေးလိပ်တွေမှာ ထည့်ပြီးသောက်ကြတာလည်းတွေ့ရတယ်။ တခါသုံးမိရင် ဆိုးကျိုးတွေအများကြီးမရှိပေမဲ့ ဆက်တိုက်သုံးနေရင်တော့ ဆိုးကျိုးတွေရှိတယ်။ ပြီးတော့ အုပ်စုလိုက် ပလက်စတစ် အအေးပုလင်းတွေကို ဖောက်ပြီး ပိုက်တံတွေနဲ့ ဆေးရှူတာတွေလည်းရှိတယ်။ ဒီကာလမှာ စိတ်ထွက်ပေါက်တခုအနေနဲ့ မူးယစ်ဆေးသုံးစွဲတယ်ဆိုတာက လုံးဝမဖြစ်သင့်တာပါ။ မိသားစုဝင်တွေအနေနဲ့ ကိုယ့်သားသမီးကို အနီးကပ်လေ့လာစောင့်ကြည့်နေဖို့လိုအပ်တယ်" ဟု ပြောသည်။

လက်ရှိတွင် ရခိုင်မှ မြို့ပေါ်နှင့် မြို့နယ်ကျေးရွာများအထိ မူးယစ်ဆေးသုံးစွဲမှုတွင်ကျယ် များပြားလာပြီး ဆယ်ကျော်သက်ကျောင်းသားလူငယ်များအနေဖြင့် မူးယစ်ဆေးဝါးများကို ငွေကျပ်တန်ဖိုး ၅၀၀၀၊ ၁၀၀၀၀ ကျပ်ဖြင့် အလွယ်တကူဝယ်ယူသုံးစွဲနိုင်သည့်အတွက်လည်း ယခုကဲ့သို့ ပိုမိုသုံးစွဲမှုများပြားလာနေခြင်းဖြစ်သည်ဟု သိရသည်။

ထို့အတူ မူးယစ်ဆေးဝါးသုံးစွဲနေသူများကို အထူးသဖြင့် မှောင်သည့်နေရာများတွင်တွေ့ရပြီး တံတားများ၊ လူသူအရောက်နည်းပါးသည့် ကျေးရွာသင်္ချိုင်းကုန်းနေရာများ၊ တောစပ် နေရာများနှင့် လူမနေသည့် အဆောက်အအုံများတွင်လည်း တွေ့ရတတ်ကြောင်း ဒေသခံများက ပြောသည်။

ယင်းအပြင် မူးယစ်ဆေးဝါးရောင်းချသူများလည်း ဒေသတွင်းတရားဥပဒေစိုးမိုးမှုမရှိသည်ကို အခွင့်ကောင်းယူပြီး ယခင်ကထက်ပိုမိုများပြားလာကာ ပေါ်ပေါ်ထင်ထင် ရောင်းချ ဖြန့်ဝေမှုများရှိသည်ဟုလည်း စုံစမ်းသိရသည်။

မင်းပြားမြို့နယ်မှ လူငယ်တစ်ဦးဖြစ်သူ ကိုကောင်းက "ရခိုင်မှာ မူးယစ်ဆေးဝါးနဲ့ပတ်သက်လို့ အရေးယူတာမျိုး အားနည်းနေသေးတယ်။ မူးယစ်ဆေးရောင်းချလို့ ဖမ်းတယ်။ ပြန်လွတ် လာရင်လည်း ရောင်းမြဲတိုင်းရောင်းနေကြတယ်။ အရေးယူတဲ့နေရာမှာ အမျိုးမျိုးရှိတယ်။ ရောင်းချတဲ့သူကိုအရေးယူတာတစ်မျိုး။ သုံးစွဲတဲ့သူကို အရေးယူတာတစ်မျိုး။ အဓိကတော့ ရောင်းချတဲ့သူရော၊ သုံးစွဲသူကိုပါ ဖမ်းဆီးအရေးယူပြီး ပြုပြင်လိုက်မယ်ဆိုရင် ရခိုင်ပြည် အတွက် အသုံးဝင်နိုင်တယ်။ သုံးစွဲသူကိုအရေးယူရင် ရောင်းချသူက နောက်ထပ် လူငယ်တွေကို ရောင်းချနိုင်သေးတယ်။ ဒီတော့ ရောင်းချဖြန့်ဝေသူတွေကို အဓိက ဖမ်းဆီးအရေးယူသင့်တယ်" ဟု သူ၏အမြင်ကိုပြောသည်။

ယခုကဲ့သို့ လူငယ်များမူးယစ်ဆေးဝါးသုံးစွဲမှုများပြားလာနေခြင်းမှာ ရခိုင်ပြည် အနာဂတ် အတွက် စိုးရိမ်စရာကောင်းပြီး ရာဇဝတ်မှုများ ပိုမိုဖြစ်လာနိုင်ကြောင်းလည်း သူက ဆက်ပြောသည်။

ရခိုင်ဒေသအတွင်း ယခုကဲ့သို့ မူးယစ်ဆေးဝါးရောင်းချဖြန့်ဝေ သုံးစွဲနေကြသူများကို သက်ဆိုင်ရာ ဒေသအာဏာပိုင်များက ထိရောက်ပြင်းထန်စွာ တားမြစ်ဖမ်းဆီးအရေးယူရန် လိုအပ်နေသည်ဟုလည်း ဒေသခံများက ပြောဆိုကြသည်။

အာရက္ခတပ်တော် (AA)ကလည်း ရခိုင်တွင် ပြည်သူ့လုံခြုံရေး ကိစ္စရပ်များကို ဦးစားပေး ဆောင်ရွက်နေရသည့်အတွက် မူးယစ်ဆေးဝါးကိစ္စများကိုဖြေရှင်းရန် အချိန်တစ်ခုလိုဦးမည်ဟု ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ မတ်လ ၅ ရက်နေ့က အွန်လိုင်းမှပြုလုပ်သည့် ပထမဆုံးအကြိမ် သတင်းစာရှင်းလင်းပွဲ၌ AA ပြောခွင့်ရသူ ဦးခိုင်သုခက ပြောဆိုခဲ့သည်။

ဓာတ်ပုံ - ပုံဟောင်း

ဆက်စပ် သတင်းများ