တနင်္လာ၊ စက်တင်ဘာလ ၃၀ရက်၊ ၂၀၂၄

မိသားစုနှင့် အဆက်အသွယ်ပြတ်နေသော မောင်ရွှေလေးရေတပ်မှ တပ်ဖွဲ့ဝင် ၆၀ ၏ မိသားစုများအား ဒလရေတပ်လိုင်းခန်းမှ နှင်ထုတ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၀ စက်တင်ဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 1k

လူထက်နိုင် (ဒွါရာမြီ)၊ နိရဉ္စရာ၊ စက်တင်ဘာ ၃၀ / ၂၀၂၄

ရန်ကုန်တိုင်း၊ ဒလမြို့နယ်၊ ရခိုင်ချောင်ကျေးရွာ ရေတပ်စခန်းလိုင်းခန်းမှ မိသားစုနှင့် အဆက် ပြတ်နေသော ရေတပ်သား တပ်ဖွဲ့ဝင် (၆၀) ခန့်၏ မိသားစုများအား ဒလရေတပ်လိုင်းခန်းမှ နှင်ထုတ်နေကြောင်း ရေတပ်သတင်းအရင်းအမြစ်များထံမှ သိရသည်။

၎င်းမိသားစုများမှာ ရခိုင်ပြည်၊ သံတွဲမြို့နယ်ရှိ မောင်ရွှေလေးရေတပ်ကို အာရက္ခတပ်တော်  (AA)က တိုက်ခိုက် သိမ်းပိုက်စဉ် စခန်းထဲက စွန့်ခွာ ထွက်ပြေး (သို့မဟုတ်) ပျောက်ဆုံးနေသော ရေတပ်သားများ၏ မိသားစုအဖွဲ့ဝင်များ ဖြစ်ကြသည်ဟု သိရသည်။

၎င်းအထဲတွင် အရာရှိအဆင့် ၃ ဦးအပါအဝင် တပ်သား အယောက် ၆၀ ခန့် ဖြစ်သည်ဟု ရေတပ်သတင်းအရင်းမြစ်က ပြောသည်။

“မနေ့က ရခိုင်ချောင်မှာ ရေတပ်အရာရှိတွေ အစည်းအဝေး လုပ်တယ်။ မောင်ရွှေလေး ရေတပ်က ထွက်ပြေးသွားတဲ့ရေတပ်က စစ်သားတွေထဲက မိသားစုတွေနဲ့ အဆက်အသွယ် မရတဲ့ မိသားစုတွေကိုခေါ်ပြောတာ။ လုပ်ထုံးလုပ်နည်းအတိုင်း အဆက်အသွယ်မရရင် ထွက်ပေးပေါ့။ မိသားစုတွေ၊ မိဘတွေ၊ မိန်းမတွေ၊ ကလေးတွေ အယောက် တစ်ရာကျော် ရှိတယ်။ အခုရခိုင်လည်း ပြန်လို့မရ။ ဘယ်သွားလို့သွားရမှန်း မသိဖြစ်နေကြတယ်”ဟု ၎င်းရင်းမြစ်က နိရဉ္စရာသို့ ပြောသည်။

အဆိုပါ ရေတပ်သား ၆၀ အထဲတွင် အချို့သည် အေအေထံ အဖမ်းခံခဲ့ရကာ အချို့မှာ ထွက်ပြေးနေကြသည်ဟု သိရသည်။

“ တိုက်ပွဲထဲက ထွက်ပြေးတော့ ဆက်သွယ်ရင် စစ်ကောင်စီက သူတို့ကို ဖမ်းဆီးထောင်ချမယ်။ ဒါမှ မဟုတ် သေဒဏ်ပေးမယ်။ ဒါတွေကို  စိုးရိမ်ပြီး  မိသားစုတွေနဲ့ အဆက်သွယ် မလုပ်ဘဲ တိမ်းရှောင်နေကြတဲ့ ရေတပ်သားတွေ ရှိတယ်။ တချို့လည်း အေအေရှိမှာ အဖမ်းခံရတယ်။ တချို့လည်း တိုက်ပွဲထဲမှာ ကျဆုံးသွားပေမယ့် စာရင်းမရဘဲ ဖြစ်နေတဲ့သူတွေရှိတယ်” ဟုဆိုသည်။

ထိုသို့နှင်ထုတ်ခံရသော မိသားစုဝင်အရေအတွက်မှာ တစ်ရာကျော်ခန့်ရှိကာ အရာရှိဇနီးများ အပြင် အခြားအဆင့်နှင့် တပ်သားများ၏ ဇနီးများ၊ မိဘသက်ကြီးရွယ်အိုနှင့် ကလေးများ ပါဝင်ကြောင်း သိရသည်။

သူတို့ကို လိုင်းခန်းမှ ဆင်းပေးရန် အရာရှိများက ခေါ်ယူပြောဆိုသည်မှာ နှစ်ကြိမ်ခန့်ရှိပြီဖြစ်ပြီး ငွေကြေးတတ်နိုင်သော အရာရှိဇနီးမယားတချို့အပါအဝင် မိသားစု ၆ စုခန့်မှာ ပြောင်းရွှေ့ သွားပြီ ဖြစ်ကြောင်းသိရသည်။

ရခိုင်ချောင်ကျေးရွာမှ အမည်မဖော်လိုသူ အမျိုးသမီးတစ်ဦးက “တခြား မြန်မာနိုင်ငံ အလယ်ပိုင်းက မိသားစုတွေကတော့ပြောင်းသွားပြီ။ ရခိုင်ဘက်က မိသားစုတွေ အခက် တွေ့နေတာပေါ့။ လင်တွေက အဆက်အသွယ်မရတော့ သေမှန်းမသိပျောက်မှန်းမသိ။ ဆင်းပေးရတော့မှာ။ အခုအချိန် ရခိုင်ဖက်လည်း သွားလို့မရတော့ ခက်ခဲနေကြတယ်”ဟု ပြောသည်။

ယခုနှင်ထုတ်ခံရသူများတွင် ရခိုင်လူမျိုး မိသားစုအချို့လည်းပါဝင်ရာ ၎င်းတို့သည် လက်ရှိတွင် ရခိုင်သို့လည်းပြန်၍မရသောကြောင့် နေစရာနှင့် စားဝတ်နေရေးအလွန်ခက်ခဲနေကြောင်း သိရသည်။

ဒလမြို့နယ်၊ ရန်ကုန်မြစ်ကမ်းဘေးတွင်ရှိသောရေတပ်စခန်းတွင် မောင်ရွှေလေးရေတပ်စခန်းမှ တပ်မိသားစုဝင်များအား ပြောင်းရွှေ့နေရာချထားသည်မှာ ၄ လခန့်ရှိပြီဖြစ်ကြောင်း သိရသည်။

မောင်ရွှေလေးရွာ၊ ကွင်းဝိုင်းရွာ၊ သပြုချိုင်ရွာ၊ ရေတပ်ပင်မရေငုပ်နှင့် ဆယ်ယူရေးတပ် (တပ်မတော်-ရေ) စခန်းနှင့် ၎င်းပတ်ဝန်းကျင်များ၌ စစ်ကောင်စီသည် အဆင့်ဆင့်သော ခုခံစစ်ကို လေကြောင်း၊ ရေကြောင်းပစ်ကူအများအပြားဖြင့် ခုခံခဲ့သော်လည်း အေအေ၏ သြဂုတ်လ ၇ ရက်မှစတင်ကာ ဗျူဟာမြောက်ထိုးစစ်ကြောင့် စက်တင်ဘာလ (၅) ရက်၊ ညနေ (၆) နာရီတွင် မောင်ရွှေလေးရေတပ်မှာ AA လက်ထဲသို့ ကျရောက်သွားခဲ့သည်။

ပင်မရေတပ်စခန်း၌ စစ်ကောင်စီ စုစုပေါင်းအင်အား ၁၂၀၀ ကျော်ရှိခဲ့ကာ တပ်ဖွဲ့ဝင် (၄၀၀) မှာ  အေအေက ထိုးစစ်ဆင်တိုက်ခိုက်မှုအတွင်း သေဆုံးခဲ့ကြရပြီး  စစ်အသုံးအဆောင်ပစ္စည်း၊ လက်နက်ခဲယမ်း အများအပြားကိုလည်း  သိမ်းပိုက် ရရှိသွားခဲ့သည်ဟု AA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဓာတ်ပုံ - မောင်ရွှေလေးရေတပ်အား သိမ်းပိုက်ခဲ့ပြီးနောက် AA က ထုတ်ပြန်ခဲ့သည့်ပုံ။

ဆက်စပ် သတင်းများ