အင်္ဂါ၊ အောက်တိုဘာလ ၁ရက်၊ ၂၀၂၄

ရန်ကုန် 29 (တူးနိုင်း) ရွှေဆိုင်မှ မတရားသဖြင့်စွပ်စွဲ၍ အဖမ်းခံထားရသည့် ရခိုင်အမျိုးသမီးငယ်တစ်ဦး တစ်နှစ်ကျော်ကြာလာသည့်တိုင်အောင် အမှုကိုမစီရင်ဘဲ ဖမ်းဆီးထိန်းသိမ်းခံထားရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၁ အောက်တိုဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 494

သျှင်မင်းဇံ၊ နိရဉ္စရာ၊ အောက်တိုဘာ ၁/၂၀၂၄ 

ရန်ကုန်တိုင်း၊ တာမွေမြို့နယ်ရှိ 29 (တူးနိုင်း) ရွှေဆိုင်မှ ကျပ်သိန်း ၁၉၀၀ ဖိုးရှိ ရွှေများ ခိုးယူမှုနှင့် စွပ်စွဲ ဖမ်းဆီးခံထားရသော ရခိုင်အမျိုးသမီးငယ်တစ်ဦးမှာ တစ်နှစ်ကျော်ကြာလာသည့်တိုင်အောင် အမှုကို စီရင် ဆုံးဖြတ်နိုင်ခြင်းမရှိဘဲ ဖမ်းဆီးချုပ်နှောင်ခံထားရသည်ဟု သတင်းရရှိသည်။  

သူမအား စက်တင်ဘာလ ၂၅ ရက်၊ နံနက် ၁၀ နာရီခန့်တွင် တာမွေမြို့နယ်တရားရုံး၌ ရုံးထုတ်ခဲ့ပြီး တရားလိုပြသက်သေတစ်ဦးကို စစ်ဆေးခဲ့သည်ဟု သိရသည်။ 

ယင်း​နောက် သူမကို အင်းစိန်အချုပ်ထောင်သို့ ပြန်လည်ခေါ်ဆောင် သွားခဲ့သည်ဟု သူမ၏ ဆွေမျိုးတော်စပ်သူ အမျိုးသမီးတစ်ဦးက ပြောသည်။ 

“ လုံး၀ မခိုးဘူး။ သူ့ဆီကလည်း ဘာမှ သက်သေ အထောက်အထား ဖမ်းမိတာ မရှိဘူး။ အခု ဖမ်းထားတာ တစ်နှစ်ကျော်နေပြီ။ သူ့အနေနဲ့ လုံး၀ မခိုးဘူးဆိုတာ ကျွန်မတို့ ယုံကြည်တယ်။ တကယ်ခိုးတယ်ဆိုရင် ဒီလောက်ထိ ထောင်ထဲမှာ နေပါ့မလာ။ ပြန်ပေးမှာပေါ့။ အခုက သူမခိုးတဲ့ အတွက် အခုထိ သူဝန်မခံတာပေါ့” ဟု ပြောသည်။ 

ဖမ်းဆီးတရားစွဲဆိုခံထားရသူမှာ မြေပုံမြို့နယ်၊ သရက်တောင်ကျေးရွာက အသက် (၂၇)နှစ်အရွယ် ဘွဲ့ရပညာတတ် အမျိုးသမီးတစ်ဦးဖြစ်သည်။ 

ဂျပန်ဘာသာစကားကို N4 အထိ အောင်မြင်ထားကာ ဂျပန်အလုပ် အင်တာဗျူးအား စောင့်ဆိုင်းနေစဉ် ရန်ကုန်ရှိ 29 (တူးနိုင်း) ရွှေဆိုင်တွင် အလုပ် ခေတ္တ ဝင်ရောက်လုပ်ကိုင်ရာမှ ယခုလို မတရားသဖြင့် စွပ်စွဲ အဖမ်းခံခဲ့ရသည်ဟု ပြောသည်။ 

၎င်းပြင် 29 (တူးနိုင်း) ရွှေဆိုင်သည် ငွေကြေးပါဝါကို အသုံးပြုပြီး သူမ မိဘများအား နေအိမ်မှ အတင်း မောင်းထုတ်ကာ အိမ်ကို ချိတ်ပိတ်ခဲ့သည်ဟု ဆိုသည်။ 

မိဘများမှာ အဝတ်တစ်ထည်ကိုယ်တစ်ခုဖြင့် အိမ်ကနေ ဆင်းခဲ့ရပြီး လက်ရှိတွင် ရွှေပြည်သာမြို့နယ်ရှိ ဘုန်းကျောင်းတစ်ကျောင်းတွင် ခိုလှုံနေထိုင်ကြရသည်ဟုလည်း သူမ၏ မိခင်ဖြစ်သူက ပြောသည်။ 

သမီးဖြစ်သူ အမှုဖြစ်၍ အမှုနှင့် မသက်ဆိုင်သည့် မိဘများနေထိုင်သည့် မြောက်ဥက္ကလာပမြို့နယ်၊ အမှတ် ၂ ရပ်ကွက်ရှိ နေအိမ်ကို ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၈ ရက်၊ ညနေပိုင်းတွင်  ရန်ကုန်တိုင်း တာမွေမြို့နယ် ရဲတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က လာရောက်ချိတ်ပိတ်ခဲ့သည်ဟု မိခင်ဖြစ်သူက ပြောသည်။ 

“ သမီးအမှုဖြစ်တာနဲ့ မိဘတွေကို သူတို့ နေထိုင်တဲ့ အိမ်က အတင်းမောင်းထုတ်ပြီး  အိမ်ကို ချိတ်ပိတ်တာက အရမ်းတရားများပါတယ်။ ဘယ်လို ဥပဒေနဲ့ ဘယ်လို ချိတ်ပိတ်တယ်ဆိုတာ ဥပဒေကို နားမလည်တဲ့ အတွက် မသိဘူး။ ပီးရင် အမှုက တရားရုံးကလည်း ဆုံးဖြတ်တာ မဟုတ်သေးဘဲနဲ့ မိဘတွေ နေထိုင်တဲ့ အိမ်ကို လာချိတ်ပိတ်တာကတော့ အရမ်းလွန်တယ်လို့ ခံစားရပါတယ်” ဟု ပြောသည်။ 

၎င်းနေအိမ်မှာလည်း အဆိုပါအမျိုးသမီးငယ် 29 (တူးနိုင်း) ရွှေဆိုင်တွင် မလုပ်ခင်ကတည်းက မိဘများမှာ ရွာရှိ​နေအိမ်နှင့် မြေများကို ရောင်းချကာ ရန်ကုန်မြို့တွင် အဆိုပါ နေအိမ်အား ဝယ်ယူပြီး ပြောင်းရွှေ့နေထိုင်နေခြင်းဖြစ်ကြောင်း ပြောဆိုသည်။ 

"အိမ်ကို ချိတ်ပိတ်ကတည်းက ဘာဆိုဘာမှ မယူခဲ့ရဘူး။ အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့ ဆင်းလာခဲ့ရတာပါ။ အခုက ဘုန်းကြီးကျောင်းမှာ နေရတာ တစ်နှစ်လောက် ရှိတော့မယ်။ သမီး အမှုရင်ဆိုင်နေရတာလည်း တစ်နှစ်ပြည့်သွားပြီးလေ။ သူ မယူတာကို အန်တီတို့က အကြွင်းမဲ့ ယုံပါတယ်။ ပထမ ရဲစခန်းမှာ ဝန်ခံလိုက်တာက သူတို့က မိဘတွေနဲ့  ရဲက ခြိမ်းခြောက်လို့ ဝန်ခံလိုက်ရတာလို့ ပြောပါတယ်။ အန်တီကတော့ နည်းနည်း နေမကောင်း ဖြစ်နေတယ်” ဟု မိခင်ဖြစ်သူက ဆက်လက်ပြောဆိုသည်။ 

လွန်ခဲ့သည့် ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၂၈ ရက်တွင် တာမွေမြို့နယ်၊ ဦးချစ်မောင်လမ်းရှိ 29 ရွှေဆိုင်တွင် ရွှေထည်ပစ္စည်း ၃၄ မျိုး (ကာလတန်ဖိုး သိန်း ၁၉၀၀ ခန့်)ရှိ ရွှေထည်ပစ္စည်းများ ပျောက်ဆုံးခဲ့သည့် အတွက် ဝန်ထမ်း ၇၀ ဦးခန့်အား မိသားစုနှင့် အဆက်အသွယ် လုံးဝ လုပ်ခွင့် မပြုဘဲ  ၂ ရက် ပိတ်လှောင် စစ်ဆေးခဲ့သည်ဟု သိရသည်။ 

ယင်းနောက် ပစ္စည်းလက်ခံရေးဌာနမှ အဖွဲ့ခေါင်းဆောင် မောင်သန်းတိုးလင်း၊ မထက်ထက်ခိုင်နှင့် မသဇင်သင်းသန့်တို့အပါအဝင် သူမတို့ ၄ ဦးတို့အား ၅ ရက် ထပ်မံစစ်ဆေးခဲ့သည်။ 

ထို့နောက် တရားခံရှာမတွေ့၍ ဝန်ထမ်းများအား ပုံမှန် ရုံးတက်ရန် ကတိဖြင့် အလုပ်ပျက်ရက်မရှိ ဆင်းစေခဲ့ပြီးနောက် သူမမှာ နေမကောင်းသဖြင့် ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ်ရှိ ရွှေလမင်းဆေးရုံ၌ ဆေးခွင့်ဖြင့် ဆေးကုသခံနေစဉ် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၂၁ ရက်နေ့တွင် စွပ်စွဲ ဖမ်းဆီးခံခဲ့ရသည်ဟု သိရသည်။ 

သူမသည် စွပ်စွဲဖမ်းဆီးခံခဲ့ရချိန်က 29 ရတနာရွှေဆိုင် ပစ္စည်းလက်ခံရေးဌာနတွင် အလုပ်လုပ်ကိုင်နေသည်မှာ ၄ လခန့်သာ ရှိသေးသည်။ 

အဆိုပါ 29 ရတနာရွှေဆိုင်တွင် ဝန်ထမ်းများအနေဖြင့် ရုံးဆင်းသည့်အခါတွင် ကိုယ်နှင့်ပါသည့် ပစ္စည်းများကို စစ်ဆေးရုံသာမက တစ်ကိုယ်လုံးစစ်ဆေးခံပြီးမှသာ ရုံးဆင်းရကြောင်း သိရသည်။ 

CCTV ကင်မရာလည်း တပ်ဆင် ထားပါလျက် ကင်မရာ မှတ်တမ်းကိုလည်း တရားရုံးတွင် မတင်သလို လက်ရှိအချိန်ထိလည်း ခိုးယူသွားသည့် ၎င်းရွှေထည်များကို ဖော်ထုတ်သိမ်းဆည်းရရှိခြင်း မရှိသေးဟု သိရသည်။ 

ယခုအမှုမှာ မြေနိမ့်ရာ လှံစိုက် သဘောမျိုးဖြစ်နေကြောင်းလည်း သူတို့နှင့် နီးစပ်သူတစ်ဦးက ပြောဆိုသည်။ 

ယခုအမှုတွင် စွပ်စွဲဖမ်းဆီးခံရသူရခိူင်အမျိုးငယ်ကို 29 ရတနာရွှေဆိုင်မှာ မန်နေဂျာ ဦးမျိုးကိုကိုအောင်က တရားလိုပြုလုပ်ကာ ရာဇသတ်ကြီးပုဒ်မ - ၃၈၁ ဖြင့် တာမွေမြို့နယ်တရားရုံးတွင် တရားစွဲဆိုထားပြီး အင်းစိန်အကျဉ်းထောင်တွင် ဖမ်းဆီးချုပ်နှောင်ထားခြင်းဖြစ်သည်။ 

ရာဇသတ်ကြီးပုဒ်မ ၃၈၁ သည် အလုပ်ရှင်ထံမှ အလုပ်သမားဖြစ်စေ၊ အိမ်ရှင်ထံမှ အစေခံဖြစ်စေ ခိုးယူခြင်းနှင့် သက်ဆိုင်သည့် ပုဒ်မဖြစ်ပြီး ပြစ်မှုထင်ရှားပါက အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၇ နှစ်အထိ ချမှတ်နိုင်သည်ဟု သိရသည်။ 

အဆိုပါအမျိုးသမီးငယ်အား လာမည့် နိုဝင်ဘာလ ၉ ရက်တွင် ထပ်မံ ရုံးချိန်းထားပြီး နောက်ထပ်တရားလိုပြသက်သေအား ထပ်မံစစ်ဆေးမည်ဖြစ်ကြောင်း သူမ၏ ရှေ့နေက နိရဉ္စရာသတင်းဌာသို့ ပြောကြားသည်။

ဆက်စပ် သတင်းများ