အင်္ဂါ၊ အောက်တိုဘာလ ၁ရက်၊ ၂၀၂၄

အနောက်တောင်မုတ်သုံလေ အောက်တိုဘာ ၁၅ ရက်တွင် မြန်မာက ဆုတ်ခွာမည်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၁ အောက်တိုဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 268

မောင်စာဂ၊ နိရဉ္စရာ၊ အောက်တိုဘာ ၁/၂၀၂၄

အနောက်တောင်မုတ်သုံလေသည် ယခုအောက်တိုဘာလ ၁၅ ရက်တွင် မြန်မာမှ စတင်ဆုတ်ခွာတော့မည်ဟု မိုးလေဝသနှင့် ဇလဗေဒပညာရှင် ဦးဝင်းနိုင်က နိရဥ္စရာကို ပြောသည်။

"အနောက်တောင်မုတ်သုံလေ ဆုတ်ခွာမယ့်ရက်က အောက်တိုဘာ ၁၅ ရက်နေ့လောက်ကို ဆုတ်မယ်။ ဆိုတော့ မုတ်သုံဆုတ်တဲ့အချိန် မိုးများတတ်တယ်"ဟု ပြောသည်။

မုတ်သုံဆုတ်ခွာချိန်တွင် မိုးများသည့်အပြင် လေဖိအားနည်းရပ်ဝန်းများလည်း ဆက်တိုက်ဖြစ်တတ်၍ သတိထားရန်လိုသည်ဟု ဦးဝင်းနိုင်က အကြံပြုသည်။

မြန်မာနိုင်ငံတွင် စက်တင်ဘာလ ၁ ရက်မှ အောက်တိုဘာလ ၁၀ အထိ မိုးနှောင်းကာလဖြစ်ပြီး မိုးနှောင်းကာလအတွင်းတွင်လည်း မိုးများတတ်သည်ဟု ဆိုသည်။

"ပြီးခဲ့တဲ့နှစ်တုန်းကဆိုလို့ရှိရင်လည်း ရေကြီးတဲ့ဖြစ်စဉ်တော်တော်များများက ဒီမိုးနှောင်းကာလထဲမှာ ဖြစ်သွားတယ်။ မိုးနှောင်းကာလပြီးရင် မိုးလွန်ကာလထဲကို ဝင်တဲ့အချိန် ဒါသတိထားရဦးမယ်။ မိုးမကုန်သေးဘူးလို့ ပြောလို့ရမှာပေါ့နော်"ဟု ပြောသည်။

မိုးနှောင်းကာလဖြစ်သည့် စက်တင်ဘာဒုတိယပတ်ကလည်း ဗီယက်နမ်နိုင်ငံတွင်တိုက်ခတ်သွားခဲ့သည့် ရာဂိမုန်တိုင်းအရှိန်ကြောင့် မြန်မာနိုင်ငံအတွင်း မိုးများပြီး ရေကြီးရေလျှံဖြစ်ပွားခဲ့သေးသည်။

ယင်းဖြစ်စဥ်ကြောင့် မြန်မာနိုင်ငံအတွင်း လူပေါင်း ၄၀၀ ကျော်သေဆုံးပြီး ရာနှင့်ချီပျောက်ဆုံးကာ အိုးအိမ်အဆောက်အအုံပေါင်း သိန်းနှင့်ချီပျက်စီးဆုံးရှုံးသွားခဲ့သည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်တွင် အနောက်တောင်မုတ်သုံလေသည် အောက်တိုဘာ ၁၇ ရက်နှင့် ၁၈ ရက်၌ ဆုတ်ခွာသွားခဲ့ပြီး ယခုနှစ်ထက် ဆုတ်ခွာချိန် နောက်ကျခဲ့သည်ဟု မိုး/ဇလပညာရှင် ဦးဝင်းနိုင်က ပြောသည်။

မုတ်သုံဆုတ်ခွာပြီးချိန်မှ နိုဝင်ဘာလကုန်အထိကို မိုးလွန်ကာလအဖြစ် သတ်မှတ်ကြောင်း သိရသည်။

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!