အင်္ဂါ၊ အောက်တိုဘာလ ၁ရက်၊ ၂၀၂၄

ရခိုင်တွင် တစ်လအတွင်း စစ်ကောင်စီကြောင့် ၉၃ ဦးသေဆုံးပြီး ၁၃၈ ဦး ဒဏ်ရာရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၁ အောက်တိုဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 291

(ယခင်လထက် ထိခိုက်သေဆုံးသူဦးရေတိုးလာ)

သဉ္ဇာနွယ်၊ နိရဉ္စရာ၊ အောက်တိုဘာ ၁/၂၀၂၄

ရခိုင်ပြည်တွင် တစ်လအတွင်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အပြစ်မဲ့အရပ်သားများအပါအဝင် အာရက္ခတပ်တော်(AA)ကဖမ်းဆီးထားသော အကျဥ်းသားများ၊ စစ်သုံ့ပန်းများစုစုပေါင်း ၉၃ ဦးသေဆုံးပြီး ၁၃၈ ဦး ဒဏ်ရာရသွားကြောင်း သိရသည်။

ယခုစာရင်းသည် စက်တင်ဘာလအတွင်း နိရဥ္စရာကကောက်ယူထားသည့်စာရင်းဖြစ်သည်။

ရခိုင်တွင် စစ်ကောင်စီက စက်တင်ဘာ ၃ ရက်မှစတင်ကာ စက်တင်ဘာ ၂၆ ရက်အထိ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးကျည်ပစ်ခတ်မှုတို့ကြောင့် ယခုကဲ့သို့ ထိခိုက်သေဆုံးမှုများရှိခဲ့ခြင်းလည်းဖြစ်သည်။

စက်တင်ဘာ ၃ ရက်က သံတွဲမြို့နယ်၊ ဆင်ခေါင်းရွာတွင် လေကြောင်းတိုက်ခိုက်ခံရ၍ ၄ ဦးဒဏ်ရာရရှိခဲ့သည်။

စက်တင်ဘာ ၃ ရက်က ကျိန္တလီမြို့၊ ဒိုးတန်းကြီးရွာတွင်လည်း လေကြောင်းတိုက်ခိုက်ခံရ၍ ၁ ဦးသေဆုံးခဲ့သည်။

စက်တင်ဘာ ၇ ရက်က သံတွဲမြို့၊ ဗောဓိကုန်းရပ်ကွက်တွင် လေကြောင်းတိုက်ခိုက်ခံရ၍ ၅ ဦးဒဏ်ရာရခဲ့သည်။

စက်တင်ဘာ ၈ ရက်၊ ည ၇ နာရီခန့်တွင် ပေါက်တောမြို့နယ်၊ ရှင်ရွာကျေးရွာရှိ စစ်သုံ့ပန်းများနှင့် အကျဉ်းသားများအား ဆေးကုသပေးနေသော ယာယီဆေးကုသရေးစင်တာသည် လေကြောင်းတိုက်ခိုက်ခံရ၍ (၁၇) ဦး သေဆုံးပြီး (၁၀) ဦး ဒဏ်ရာရရှိခဲ့သည်။

စက်တင်ဘာ ၉ ရက်၊ ည (၉) နာရီခွဲခန့်တွင် မောင်တောမြို့၊ လေးမိုင် (နခခ-၂) စခန်းသည် လေကြောင်းတိုက်ခိုက်ခံရ၍ (၅၀)ကျော်သေဆုံးခဲ့ပြီး ၇၀ ကျော် ဒဏ်ရာရရှိခဲ့သည်။

စက်တင်ဘာ ၁၅ ရက်၊ နေ့လယ် ၁ နာရီခန့်တွင် စစ်ဘေးရှောင်များခိုလှုံနေသော ကျိန္တလီမြို့နယ်၊ ဆန္ဒားရွာစာသင်ကျောင်းကို ရတနာမြိုင်(ကုလားပြင်)ကျေးရွာရှိ လက်နက်ကြီးအထိုင်စခန်းက လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့၍ စစ်ရှောင်အမျိုးသမီး ၁ ဦးသေဆုံးသွားပြီး ၃ ဦး ဒဏ်ရာရသွားကြောင်း သိရသည်။

စက်တင်ဘာ ၁၆ ရက်က သံတွဲမြို့နယ်၊ ပေါက်တူးရွာသည် လေကြောင်းတိုက်ခိုက်ခံရ၍ ၂ ဦး သေဆုံးပြီး ၇ ဦးဒဏ်ရာရခဲ့သည်။

စက်တင်ဘာ ၁၇ ရက်၊ ညနေ ၄ နာရီခန့်က ပုဏ္ဏားကျွန်းမြို့မှ ရသေ့တောင်မြို့သို့သွားသည့် လမ်းဆုံအနီးကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့၍ ၁ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရသွားကြောင်း သိရသည်။

စက်တင်ဘာလ ၁၉ ရက်၊ နံနက်အစောကြီး ၂ နာရီဝန်းကျင်တွင် တောင်ကုတ်မြို့နယ်ရှိ နေပူတောင်စီမံကိန်းသို့ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် အလုပ်သမားတန်းလျားတွင် စစ်ဘေးရှောင်နေထိုင်သည့် အမျိုးသမီးတစ်ဦးသေဆုံးခဲ့သည်။

စက်တင်ဘာလ ၂၂ ရက်၊ သံတွဲမြို့နယ်၊ ပေါက်တူးရွာ လေကြောင်းတိုက်ခိုက်ခံရ၍ ၃ ဦးသေပြီး ၃ ဦးဒဏ်ရာရရှိခဲ့သည်။

စက်တင်ဘာ ၂၄ ရက်၊ ည ၈ နာရီခန့်တွင်
တောင်ကုတ်ခရိုင်ရှိ တန်းလွဲရွာမမြို့ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့၍ လူငယ်တစ်ဦးသေဆုံးပြီး တစ်ဦး ဒဏ်ရာရရှိခဲ့သည်။

စက်တင်ဘာ ၂၅ ရက်၊ ညနေ ၄ နာရီခန့်တွင် မြေပုံမြို့နယ်၊ ကမ်းထောင်းကြီးမြို့ကို လေကြောင်းတိုက်ခိုက်မှုကြောင့် ၁၁ နှစ်အရွယ်မိန်းကလေးတစ်ဦးအပါအဝင် နှစ်ဦးသေဆုံးပြီး ခုနစ်ဦးဒဏ်ရာရသွားကြောင်း သိရသည်။

စက်တင်ဘာ ၂၆ ရက်၊ သံတွဲမြို့ မြို့တော်ခန်းမနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးရုံးကို လေကြောင်းတိုက်ခိုက်ခဲ့မှုကြောင့် ၁၄ ဦးသေဆုံးပြီး ၂၅ ဦးဒဏ်ရာရရှိခဲ့သည်။

ပြီးခဲ့သည့် ဩဂုတ်လအတွင်းကလည်း နိရဉ္စရာက ကောက်ယူထားသည့် စာရင်းအရ ရခိုင်တွင် စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မှုကြောင့် သေဆုံးသူ ၄၀ ထက်မနည်းရှိခဲ့ပြီး ဒဏ်ရာရရှိသူ ၇၀ ကျော်အထိရှိခဲ့သည်။

ယခုလတွင် စစ်ကောင်စီက ယခင်လထက် လေကြောင်းတိုက်ခိုက်မှုကို ပိုမိုလုပ်ဆောင်လာပြီး သေဆုံးဒဏ်ရာသူများလည်း တိုးလာနေသည်ကိုတွေ့ရသည်။

စစ်ကောင်စီက ယခုနောက်ပိုင်း လေကြောင်းတိုက်ခိုက်မှုများကို တိုးမြှင့်လုပ်ဆောင်လာနေမှုသည် ပြည်သူများ အကြောက်တရားလွှမ်းမိုးလာအောင်နှင့် ဒေသတည်ငြိမ်မှုပျက်ပြားအောင်လုပ်ဆောင်ခြင်းဖြစ်သည်ဟု AA ပြောခွင့်ရသူ ဦးခိုင်သုခက နိရဥ္စရာကို ပြောသည်။

"အဓိကကတော့ ကျနော်တို့ထိန်းချုပ်ထားတဲ့နေရာတွေက ပြည်သူတွေကို အကြောက်တရားတွေလွှမ်းမိုးလာအောင် ရည်ရွယ်လုပ်ဆောင်တာဖြစ်တယ်။ ပြီးတော့ တည်ငြိမ်မှုပျက်ပြားအောင်ပေါ့နော်။ ပြောရမယ်ဆိုရင် ဒါတွေဟာ လူသားမျိုးနွယ်အပေါ်မှာကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေဖြစ်ပါတယ်"ဟု ပြောသည်။

လက်ရှိတွင် စစ်ကောင်စီသည် လူနေထူထပ်သည့် နေရာများ၊ ဆေးရုံ၊ ဆေးခန်း၊ စာသင်ကျောင်း၊ ဈေး၊ ဘာသာရေးအဆောက်အအုံများ၊ လူနေအဆောက်အအုံကြီး၊ အစိုးရအဆက်ဆက်လက်ထက် အသုံးပြုခဲ့သော ဌာနဆိုင်ရာ အဆောက်အအုံများအပါအဝင် ၎င်းတို့ စွန့်လွှတ်ခဲ့ရသည့် စခန်းများပါမကျန် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်နေ၍ အဆိုပါနေရာများတွင် သတိထားသွားလာကြရန် AA က သတိပေးထားသည်။

ဆက်စပ် သတင်းများ