အင်္ဂါ၊ အောက်တိုဘာလ ၁ရက်၊ ၂၀၂၄

ရခိုင်မှ စစ်ကောင်စီထိန်းချုပ်ထားဆဲမြို့ ၅ မြို့တွင် သန်းခေါင်စာရင်း စတင်ကောက်ယူနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၁ အောက်တိုဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 228

ကြိုင်ဟိန်းလင်း၊ နိရဉ္စရာ၊ အောက်တိုဘာ ၁/ ၂၀၂၄

ရခိုင်မှ စစ်ကောင်စီထိန်းချုပ်ထားဆဲမြို့ ၅ မြို့၏ မြို့ပေါ်တွင်သာ ယနေ့ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို စတင်ကောက်ယူနေသည်ဟု သိရှိရသည်။

စစ်ကောင်စီသည် ရခိုင်ပြည်မှ ၎င်းတို့ထိန်းချုပ်ထားဆဲ မြို့များဖြစ်သည့် စစ်တွေ၊ ကျောက်ဖြူ၊ တောင်ကုတ်၊ အမ်းနှင့် မာန်အောင် စသည့်မြို့များတွင် သန်းခေါင်စာရင်းကို ယနေ့ အောက်တိုဘာလ ၁ ရက်မှ စတင်ကောက်ယူနေကြောင်း သိရသည်။

အဆိုပါမြို့များအနက် စစ်တွေမြို့နှင့် တောင်ကုတ်မြို့တွင် သန်းခေါင်စာရင်း ကောက်ယူနေသော်လည်း လုံခြုံရေးတင်းကျပ်မှုများမရှိဟု မြို့ခံများက ပြောဆိုသည်။

"မြို့ပေါ်ရပ်ကွက်တွေမှာ ဒီနေ့စကောက်ပါတယ်။ လုံခြုံရေးကလည်း သိပ်တင်းကျပ်တာကို မတွေ့ရဘူး။ ပုံမှန်အခြေအနေပါပဲ" ဟု စစ်တွေမြို့ခံတစ်ဦးကပြောသည်။

စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာဝန်ထမ်းများက သန်းခေါင်စာရင်း စတင်ကောက်ယူနေသော်လည်း ပြည်သူများအနေဖြင့် စိတ်ပါဝင်စားမှုမရှိဟု တောင်ကုတ်မြို့ခံတစ်ဦးက ဆိုသည်။

"ပညာရေးဝန်ထမ်း၊ လဝကရယ်၊ မယကက  ရပ်ကွက်စာရေးရယ်၊ ရပ်ကွက်က တာဝန်ရှိသူတွေ  တစ်အိမ်တက်ဆင်း ကောက်နေကြတယ်။ လူမရှိတဲ့ အိမ်လည်းများပါတယ်။ တချို့က  မဖြေချင်ကြဘူး။ စိတ်မဝင်စားကြဘူး" ဟု ပြောသည်။

သို့သော်လည်း အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တည်ရှိသော အမ်းမြို့နှင့် ကျောက်ဖြူမြို့တို့တွင် လုံခြုံရေးတင်းကျပ်ပြီး ကောက်ယူနေသည်ဟု ဒေသခံများက ဆိုသည်။

"လမ်းဆုံလမ်းခွတိုင်းမှာ လုံခြုံရေးတွေချထားတယ်။ သန်းခေါင်စာရင်းကောက်တဲ့အချိန်မှာ ရဲနှစ်ယောက်နဲ့ စစ်သားနှစ်ယောက်ပါတယ်" ဟု ပြောသည်။

ဂွမြို့သည် စစ်ကောင်စီထိန်းချုပ်ထားဆဲဖြစ်သော်လည်း သန်းခေါင်စာရင်းကောက်ယူမှုမရှိသေးဟု ဂွဒေသခံတစ်ဦးက ပြောသည်။

"ဂွမှာက မကောက်ဘူး။ သင်တန်းပေးတာလည်းမရှိဘူး။ သင်တန်းပေးဖို့အတွက် ဝန်ထမ်းတွေလည်းမရှိဘူး။ အကုန်လုံးက ဧရာဝတီဖက်တို့ကို စစ်ရှောင်သွားကြပြီ" ဟု ပြောသည်။

စစ်ကောင်စီထိန်းချုပ်ထားဆဲမြို့များတွင်လည်း ပြည်သူအများစုမှာ စစ်ကောင်စီတပ်သားများ ကင်းစင်နယ်မြေများနှင့် ရန်ကုန်၊ ဧရာဝတီစသည့်ဒေသများသို့ စစ်ဘေးရှောင်သွားကြသည်။

စစ်ကောင်စီသည် သူတို့ထိန်းချုပ်ထားဆဲမြို့များတွင် သန်းခေါင်စာရင်းကို ဒီဂျစ်တယ်နည်းစနစ်ကိုအသုံးပြုကာ tablet များဖြင့် ကောက်ယူနေကြောင်း သိရှိရသည်။

စစ်ကောင်စီသည် လာမည့် ၂၀၂၅ ခုနှစ်တွင်ပြုလုပ်မည့် ရွေးကောက်ပွဲအကြိုအဖြစ် သန်းခေါင်စာရင်းကို ယခုနှစ် အောက်တိုဘာလ (၁)ရက်မှ (၁၅) ရက်အတွင်း အပြီးသတ်ကောက်ယူမည်ဖြစ်ကြောင်း သိရှိရသည်။

အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် ရခိုင်ပြည်အတွင်း ပေါက်တော၊ ရမ်းဗြဲ၊ မြေပုံ၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ (နခခ ၅) တစ်ခုသာကျန်ရှိသည့် မောင်တောမြို့နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့တွင်လည်း သန်းခေါင်စာရင်း ကောက်ယူနိုင်မှုမရှိပေ။ (ဓာတ်ပုံ-MRTV)

ဆက်စပ် သတင်းများ