အင်္ဂါ၊ အောက်တိုဘာလ ၁ရက်၊ ၂၀၂၄

အမ်းမြို့အနီး တိုက်ပွဲဖြစ်နေသော်လည်း ပထမနှစ်ဝက် စာမေးပွဲကို အတင်းဖိအားပေးကျင်းပခိုင်း


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၁ အောက်တိုဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 256

(တိုက်ပွဲကြောင့် ကျောင်းသားမိဘနဲ့ ပညာရေးဝန်ထမ်းများ စိုးရိမ်မှုမြင့်တက်နေ)

သဉ္ဇာနွယ်၊ နိရဉ္စရာ၊ အောက်တိုဘာ ၁/ ၂၀၂၄

ရခိုင်ပြည်၊ အမ်းမြို့ အနီးတွင် တိုက်ပွဲပြင်းထန်နေပြီး လက်နက်ကြီးပစ်ခတ်သံများ နေ့စဉ်ကြားနေရသော်လည်း ပထမနှစ်ဝက်စာမေးပွဲကျင်းပရန် မြို့နယ်ပညာရေးမှူးက ဖိအားပေး စီစဉ်နေကြောင်း သတင်းရရှိသည်။

အမ်းမြို့အနီး တိုက်ပွဲပြင်းထန်နေပြီး လက်နက်ကြီးပစ်ခတ်သံများ၊ လေယာဉ်ဖြင့် ဗုံးကြဲသံများကို ကျယ်လောင်စွာ ကြားနေရ၍ မြို့ပေါ်ဒေသခံများမှာ ပြေးစရာနေရာ ရှာနေရစဉ် အခြေခံပညာစာသင်ကျောင်းများတွင် လာမည့် အောက်တိုဘာလ ၅ ရက်မှစ၍ မူလတန်း၊ အလယ်တန်း၊ အထက်တန်း ကျောင်းသူ/ကျောင်းသားများကို စာမေးပွဲဖြေဆိုခိုင်းထားသည်ဟု အမ်းမြို့ခံ ကျောင်းသားမိခင်တစ်ဦးက နိရဉ္စရာ သတင်းဌာနကိုပြောသည်။

"ဒီပထမနှစ်ဝက်စာမေးပွဲက နောက်ဆုံး အတန်းတင်စာမေးပွဲဖြစ်နိုင်တယ်လို့ ဆရာမက ကျောင်းသားမိဘတွေကိုပြောပြီး ကလေးတွေကို စာမေးပွဲလာဖြေခိုင်းတယ်။ မြို့ပေါ်ကို တိုက်ပွဲဘယ်နေ့ရောက်မလဲဆိုတာ မသိနိုင်လို့ ကျမကတော့အခြေအနေကြည့်ပြီးမှ ဖြေခိုင်းမယ် " ဟု ပြောသည်။

အမ်းမြို့တွင် တာဝန်ထမ်းဆောင်နေသည့် ဆရာ/ဆရာမများမှာလည်း တိုက်ပွဲခြေအနေကို စိုးရိမ်နေသော်လည်း မြို့နယ်ပညာရေးမှူးက ပထမနှစ်ဝက်စာမေးပွဲကို ကျင်းပရန် ဖိအားပေး စေခိုင်းထားသည်ဟု အမ်းမြို့ခံပညာရေးဝန်ထမ်းအမျိုးသမီးတစ်ဦးက နိရဉ္စရာသတင်းဌာနကို ပြောသည်။

" အမ်းမြို့ပေါ်မှာ တာဝန်ထမ်းဆောင်နေတဲ့ အစိုးရဝန်ထမ်းတွေကို အထက်က စစ်ဘေးရှောင်ခွင့် မပေးဘူး။ အခု ကလေးတွေပထမနှစ်ဝက်စာမေးပွဲကလည်း ကျင်းပရတော့မယ်။ လက်နက်သံတွေနေ့တိုင်းကြားနေရတာ ကျမတို့အနေနဲ့လည်းစိုးရိမ်တယ်။ ကလေးတွေကိုလည်း စိတ်ပူတယ်။ တစ်ခုခုဖြစ်လာရင် ဘယ်သူမှ ကိုယ့်အသက်ကို အာမမခံဘူးလေ " ဟု ပြောသည်။

ယခုကိစ္စနှင့်ပတ်သက်ပြီး အမ်းမြို့နယ်ပညာရေးမှူးကို နိရဥ္စရာက ဆက်သွယ်ရန် ကြိုးစားနေဆဲ ဖြစ်သည်။

အမ်းမြို့နှင့် ၇ မိုင်ခန့်သာကွာဝေးသည့် ကျောက်စကွဲ၊ မီးလောင်ချောင်းနှင့် ရပ်သာကျေးရွာအနီးတဝိုက်တွင် အာရက္ခတပ်တော်နှင့် စစ်ကောင်စီတပ်တို့အကြား ပြီးခဲ့သည့် စက်တင်ဘာနောက်ဆုံးအပတ်ကစပြီး တိုက်ပွဲပြင်းထန်နေသဖြင့် မြို့ခံများမှာ မင်းဘူးဖက်သို့ ထွက်ခွာမှုရှိသကဲ့သို့ တချို့လည်း မြို့ပေါ်သို့ စစ်ရှောင်လာခဲ့ကြသည်ဟု မြို့ခံများက ပြောသည်။

ယနေ့ အောက်တိုဘာလ ၁ ရက်၊ နံနက်ပိုင်းကလည်း အမ်းမြို့နှင့် အနီးဆုံးတပ်ရင်းဖြစ်သည့် ခမရ -၃၇၁ တပ်ရင်းမှ လက်နက်ကြီးစတင်ပစ်ခတ်သံကိုကြားနေရကြောင်းလည်း မြို့ခံ အမျိုးသမီးတစ်ဦးက နိရဉ္စရာကို ပြောသည်။

အလားတူ ယမန်နေ့ စက်တင်ဘာ ၃၀ ရက်ကလည်း တိုက်ပွဲဖြစ်နေသည့်နေရာကို အမ်းမြို့ပေါ်တပ်ရင်းမှ  တစ်နေကုန် လက်နက်အပြန်အလှန်ပစ်ခတ်ခဲ့ပြီး ဂျက်လေယာဉ်ဖြင့် ညနေ ၅ နာရီခန့်တွင် တစ်ကြိမ်၊ ၉ နာရီခွဲခန့်တွင်တစ်ကြိမ် ဗုံးကြဲချသံကို မြို့ပေါ်မှ နီးနီးကပ်ကပ်ကြားနေခဲ့ရကြောင်း မြို့ခံများကပြောသည်။ (ဓာတ်ပုံ- ပုံဟောင်းသာ)

ဆက်စပ် သတင်းများ