ဗုဒ္ဓဟူး၊ အောက်တိုဘာလ ၂ရက်၊ ၂၀၂၄

ဂွမြို့နယ်တွင် AAနှင့် စစ်ကောင်စီတပ်တို့ အပြင်းအထန် တိုက်ပွဲဖြစ်နေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၁ အောက်တိုဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 281

မင်းသျှင်စော၊ နိရဉ္စရာ ၊အောက်တိုဘာ ၁/ ၂၀၂၄

ရခိုင်ပြည်၊ ဂွမြို့နယ်အတွင်း အာရက္ခတပ်တော်(AA) နှင့် စစ်ကောင်စီတို့ အကြား တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေသည်ဟု သတင်းရရှိသည်။

ဂွမြို့နယ်၊ ကုလားပြင် (ရတနာမြိုင်) ကျေးရွာနှင့် မနီးမဝေးတွင် တည်ရှိသည့် ဆားချက်ကျေးရွာနှင့် ကိုင်းခုံကျေးရွာအကြားတွင် တိုက်ပွဲပြင်းထန်နေသည်မှာ ၂ ရက်ခန့် ရှိလာနေပြီဖြစ်သည်ဟု ဒေသခံ သတင်းအရင်းမြစ် တစ်ဦးမှ နိရဉ္စရာသို့ပြောကြားသည်။

ဒေသခံတစ်ဦးက " မနေ့ညနေကတည်းကဖြစ်နေတာ။ ဆားချက်နဲ့ကိုင်းခုံ ကြားမှာ၊ မိုးကလည်း တအား ရွာတယ်။ လက်နက်ကြီးပစ်တာကလည်း မပြောနဲ့။ လေယာဉ်နဲ့လည်း ချတယ်။ ဒီနေ့ဆို တရက်လုံး ဖြစ်နေတယ်။ အခုလည်းမရပ်သေးဘူး။ ရွာသားတွေ အထိအခိုက်ရှိတယ်လို့လည်း ကြားပါတယ်"ဟု ၎င်းက ပြောကြားသည်။

လက်ရှိတွင် ဖုန်းလိုင်းကဖြတ်ထားသဖြင့်  အဆက်သွယ်မရဖြစ်နေသဖြင့် ဒေသခံများ အထိအခိုက် ရှိ မရှိကို မသိရသေးဟု ဆိုသည်။

ဆားချက်ရွာနှင့် ကိုင်းခုံရွာကြားတွင် နှစ်ဖက်တိုက်ပွဲဖြစ်နေသည်မှာ စက်တင်ဘာ ၃၀ နေ့  ညနေ ကတည်းက ဖြစ်ပြီး ယနေ့ထိ တိုက်ပွဲမှာ ရပ်တန့်သွားခြင်း မရှိဘဲ ပြင်းထန်နေသည်ဟု ဆိုသည်။

စစ်ကောင်စီသည် ဆားချက်နှင့် ကိုင်းခုံနှင့် နီးစပ်သည့်ကျေးရွာများကို အဓိကထားပြီး လေကြောင်း၊ ရေကြောင်း၊ လက်နက်ကြီးတို့နှင့် ပစ်ခတ်မူကြောင့် ကျေးရွာသား အချို့သေဆုံးမှုနှင့် ဒဏ်ရာရရှိမှုများ ရှိနေသည်ဟု သိရသော်လည်း နိရဉ္စရာအနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်းတော့ မရှိသေးပါ။

အာရက္ခတပ်တော်၏ အောက်တိုဘာ ၂၇ ရက်နေ့ ထုတ်ပြန်ချက်ထဲတွင် ဂွမြို့နယ် ကျောက်ပါးစပ် ကျေးရွာအနီးတွင် စက်တင်ဘာ ၂၄ ရက်နေ့က စပြီး တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဖော်ပြထားပြီး အဆိုပါကျေးရွာသည်လည်း လက်ရှိ တိုက်ပွဲဖြစ်နေသည့် ကျေးရွာများအနီးဝန်းကျင်တွင် ဖြစ်ကြောင်း သိရသည်။

“ ဂွမြို့နယ်၊ ကျောက်ပါးစပ်ရွာအနီး၊ အရှေ့တောင်ဘက် မီတာ (၁၀၀၀) ခန့်အကွာ ကျိန္တလီကားလမ်းမ အနီးရှိ တောင်ကုန်းတွင်လည်း စက်တင်ဘာလ (၂၄) ရက်နေ့၊ နေ့လယ် (၁) နာရီ (၅၀) မိနစ်မှ နေ့လယ် (၃) နာရီ (၂၀) မိနစ်အထိ နှစ်နာရီကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့သည်” ဟု ဖော်ပြထားသည်။

ဂွမြို့နယ်တွင် စစ်ကောင်စီသည် ကုန်းလမ်းနှင့် ရေလမ်းများ အဝင်အထွက်ကို လုံးဝပိတ်ပင်ထားပြီး ဂွမြို့ရှိ စစ်တပ် တပ်ရင်းများသာမက ဧရာ၀တီတိုင်းမှ တပ်ရင်းများကို စစ်ကူခေါ်ကာ အာရက္ခတပ်တော်၏ ထိုးစစ်ကိုခုခံနေခြင်းဖြစ်သည်ဟု သိရသည်။

စက်တင်ဘာလနောက်ဆုံး အပတ်တွင် ဖြစ်ပွားခဲ့သည့် ဂွမြို့နယ် ဂန့်ဂေါ်တောင်တိုက်ပွဲ၊ ဆားချက် တိုက်ပွဲတို့တွင်လည်း စစ်ကောင်စီဖက်မှ အကျအရှုံးများကာ လေယာဉ်ဖြင့် ဗုံးကြဲမှုများကို အဆက်မပြတ် ပြုလုပ်ခဲ့သည်ဟု သိရသည်။

ဆက်စပ် သတင်းများ