ဗုဒ္ဓဟူး၊ အောက်တိုဘာလ ၂ရက်၊ ၂၀၂၄

ပလက်ဝဒေသခံ မိသားစုဝင် ၃ ဦး အသတ်ခံရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၁ အောက်တိုဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 151

ဆလိုင်းမိုးအောင်၊ နိရဉ္စရာ၊ အောက်တိုဘာ ၁/ ၂၀၂၄

ချင်းပြည်နယ်၊ ပလက်၀မြို့နယ်တွင် ကုန်ပစ္စည်းများ ပို့ဆောင်နေသည့် မိသားစုဝင် အမျိုးသား ၃ ဦး အသတ်ခံခဲ့ရသည်ဟု သတင်းရရှိသည်။

၎င်းတို့မှာ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ မောင်နှမကျေးရွာမှ ဦးဆန်အောင်(၆၁)နှစ်၊ သားဖြစ်သူ ကိုအိုက်မြင့်(၂၆)နှစ်နှင့် မြေးဖြစ်သူ မောင်ပီစီထွန်း(၁၃)နှစ်တို့ဖြစ်သည်။

၎င်းတို့ ၃ ဦးသည် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်မှ ရခိုင်ပြည်၊ ကျောက်တော်မြို့သို့ စက်လှေ တစ်စီးဖြင့် ကုလားတန်မြစ်ကြောင်း အတိုင်း စုန်ဆင်းပြီး ကုန်ပစ္စည်းများ ပို့ဆောင်ရန် သွားစဉ် သတ်ဖြတ်ခံခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။

“ သူတို့  ပြီးခဲ့တဲ့စက်တင်ဘာလ(၈)ရက်က မီဇိုရမ်ပြည်နယ်မှ စားသောက်ကုန်တွေနဲ့  စက်သုံးဆီ အချို့ကို စက်လှေတစ်စီးနဲ့ သယ်ဆောင်ပြီး  ကျောက်တော်မြို့ကို သွားပို့တာပါ။ လမ်းမှာ အသတ်ခံလိုက်ရတယ်။ အလောင်းတွေကို ပလက်၀မြို့အနီးမှာ ဒဏ်ရာတွေနဲ့ စက်တင်ဘာ ၁၇ ရက်နဲ့ ၁၈ ရက်နေ့တွေက ပြန်တွေ့ပါတယ်။ ဖုန်းအဆက်အသွယ် အခက်အခဲကြောင့် ခုမှ သတင်းသိရတာပါ”ဟု ပလက်၀ ဒေသခံတစ်ဦးက ပြောသည်။

အလောင်းများကို ပလက်ဝမြို့နယ်အပိုင် လောင်းကဒူးကျေးရွာနှင့် တန်းဆိပ်ရွာအကြားရှိ ငသလဲကျွန်းနှင့် ကျောက်တော်မြို့နယ်အပိုင် မွန်ထောင့်ကျေးရွာအထက်ပိုင်း မြစ်ကမ်းနံဘေး တို့တွင် တကွဲတပြားစီ မိသားစုများက ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

တစ်လောင်းမှာ လည်ပင်းပြတ်သွားပြီး ဦးခေါင်းတစ်ခြား ခန္ဓာကိုယ်တစ်ခြားဖြစ်လျက် တွေ့ရှိခြင်း ဖြစ်သည်ဟုလည်း မိသားစုဝင်တစ်ဦးက ပြောသည်။

"ရန်ငြိုးရန်စလည်းမရှိပါဘူး။ ပါသွားတဲ့ကုန်တွေအလုခံရပြီး အသတ်ခံရတာလို့ ထင်ပါတယ်။ ဒီအမှုနဲ့ပတ်သက်ပြီးတော့ ပလက်ဝမှာရှိတဲ့ အေအေကိုတိုင်ကြားထားတယ်။ အမှုမှန်ပေါ်အောင် စုံစမ်းစစ်ဆေးပေးမယ်လို့ပြောပါတယ်" ဟု ပြောသည်။

ဒေသခံများ၏ သုံးသပ်ချက်အရ သူတို့ ၃ ဦးသည် အုပ်စုဖွဲ့ထားသည့် လူဆိုးဂိုဏ်းတစ်ခုခုက လောင်းကဒူးနှင့် တန်းဆိပ်ကျေးရွာအကြားတစ်နေရာတွင် ဓားပြတိုက်ကာ သတ်ဖြတ်ခြင်း ဖြစ်နိုင်ကြောင်းလည်း ပြောဆိုနေကြသည်။

အသတ်ခံရသူများ၏ စက်လှေသည် ကုလားတန်မြစ်အတိုင်း အခွံမျောပါလာ၍ ပလက်ဝမြို့နယ်၊ နှမဒါကျေးရွာသားများက သိမ်းဆည်းထားသည်ဟု သိရသည်။

ယခုကိစ္စနှင့်ပတ်သက်ပြီး AA ပြောခွင့်ရသူ ဦးခိုင်သုခကို နိရဥ္စရာက ဆက်သွယ်မေးမြန်းထားဆဲ ဖြစ်သည်။

ရခိုင်တွင် တကျော့ပြန်တိုက်ပွဲဖြစ်ပွားသည့် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်မှ စတင်ကာ ပြည်မဘက်မှ ကုန်များတင်သွင်းခွင့်ကို ပိတ်ပင်ထားသဖြင့်  ရခိုင်နှင့် ချင်းပြည်နယ်မှ ဒေသခံအများစုမှာ အိန္ဒိယနိုင်ငံ၊ မီဇိုပြည်နယ်မှ ကုန်ပစ္စည်းများကို အခက်အခဲများကြားက တင်သွင်းကာ သုံးစွဲနေကြရသည်ဟု သိရသည်။

ယခုကဲ့သို့ ပစ္စည်းကိုလုကာ လူကို သတ်ဖြတ်သည့် ဖြစ်စဉ်များ ယခင်က မရှိခဲ့သည့်အတွက် ယခုဖြစ်စဉ် ဖြစ်ပွားလာပြီး နောက်ပိုင်းတွင် ဒေသအတွင်းက ကုန်သည်များအနေဖြင့် အထူးစိုးရိမ်နေကြရသည်ဟု သိရသည်။

ဓာတ်ပုံ - ကုန်စက်လှေတစ်စီးအား ကုလားတန်မြစ်အတွင်းတွေ့ရစဉ်/ ပုံဟောင်းသာ။

ဆက်စပ် သတင်းများ