ဗုဒ္ဓဟူး၊ အောက်တိုဘာလ ၂ရက်၊ ၂၀၂၄

မောင်တော ကိုင်းကြီးမြိုရွာမှ ငါးရှာသွားသည့် ဆယ်ကျော်သက်အရွယ် လူငယ်သုံးဦးအပါအဝင် သားဖလေးဦးပျောက်ဆုံးနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၂ အောက်တိုဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 355

နောင်မင်းသူ၊ နိရဉ္စရာ၊‌ အောက်တိုဘာ ၂/၂၀၂၄

ရခိုင်ပြည် အနောက်ဘက်နယ်စပ် မောင်တောမြို့နယ်၊ ကိုင်းကြီးမြိုရွာမှငါးရှာသွားသည့် ဆယ်ကျော်သက်အရွယ် လူငယ်သုံးဦးအပါအဝင် သားဖလေးဦး ပျောက်ဆုံးနေကြောင်း ရွာသားများထံမှ သိရသည်။

ပျောက်ဆုံးနေသူများမှာ ဦးဆိုင်ဝင်း (၄၅)နှစ်၊ သားများဖြစ်ကြသည့် မောင်လင်ကြီး(၁၅)နှစ်၊ မောင်အာမွန်း(၁၂)နှစ်နှင့် ဦးဆိုင်ဝင်း၏ အစ်ကိုသား မောင်ဒီကော်(၁၄)နှစ်တို့ဖြစ်ကြောင်း သိရသည်။

သူတို့သည် စက်တင်ဘာ ၃၀ ရက်၊ နံနက် ၈ နာရီ၌ မေယုတောင်တန်းရှိ လက်ဝဲချောင်းသို့ ငါးရှာသွားကြရာမှ ရွာပြန်မရောက်လာဘဲ ယနေ့ အောက်တိုဘာ ၂ ရက်အထိ ပျောက်ဆုံးလျက်ရှိနေကြခြင်းဖြစ်ကြောင်း ရွာသားများက ပြောသည်။

ရွာသားတစ်ဦးက "ပျောက်နေတာ သားဖလေးယောက်ပါ။ သားအရင်းက နှစ်ယောက်။ အစ်ကိုသားက တစ်ယောက်ပါ။ သူတို့ သားဖလေးယောက်က မေယုတောထဲက လက်ဝဲချောင်းမှာ ငါးသွားရှာပြီး ပျောက်နေကြတာပါ"ဟု  ပြောကြားသည်။

စတင်ပျောက်ဆုံးသည့်နေ့ ညအချိန်မှစပြီး ရွာသားလူငယ် ဆယ်ဦးခန့်က သွားရောက် ရှာဖွေခဲ့သော်လည်း မတွေ့ခဲ့ဟုဆိုသည်။

ယမန်နေ့ အောက်တိုဘာလ ၁ ရက်၊ နံနက်မှစတင်ကာ ရွာရှိ တစ်အိမ်တစ်ယောက်ကျစီဖြင့် ရွာသား ၆၀ ကျော်စုပေါင်းပြီး မေယုတောနက်အထိ သွားရောက်ရှာဖွေခဲ့ရာ ပျောက်ဆုံးနေသူများ၏ အသုံးအဆောင်အချို့နှင့် သူတို့အားရိုက်နှက်ထားသည့် တုတ်နှစ်ချောင်းတို့ကိုသာ ရှာတွေ့ခဲ့သည်ဟု ရွာသားများက ပြောသည်။

"သူတို့‌ လေးဦးထိုင်နေခဲ့တဲ့နေရာမှာ ကလေးတစ်‌ယောက်ဆောင်းတဲ့ ဦးထုပ်တစ်လုံးနဲ့ သူတို့ကိုရိုက်ထားတဲ့တုတ်တွေ တွေ့ပါတယ်။ လူတွေကို ​မတွေ့ပါဘူး။ အာဆာတွေ ဖမ်းဆီးသွားတယ်လို့တော့ အားလုံးက ထင်နေကြပါတယ်"ဟု ပြောဆိုသည်။

ယနေ့တွင်လည်း ပျောက်ဆုံးနေသူများကို ရွာသား ၆၀ ကျော်စုပြီး ဆက်လက်ရှာဖွေနေကြောင်း သိရသည်။

ထိုမေယုတောင်တန်းရှိလက်ဝဲချောင်းအား ကိုင်းကြီးမြိုရွာမှ ၃ နာရီခန့် လမ်းလျှောက် သွားလာရပြီး အသွားအပြန် ၇ နာရီခန့်အချိန်ကြာမြင့်ကြောင်းဒေသခံများထံမှ သိရသည်။

ကိုင်ကြီးမြိုရွာ၌ အိမ်ထောင်စု ၁၃၀၊ လူဦးရေ ၉၀၀ ခန့်နေထိုင်နေကြပြီး မေယုတောထဲ၌ ဖားရှာ၊ ငါးရှာ၊ဟင်းရှာပြီး ရောင်းချစားသောက်နေထိုင်နေကြသည့်ရွာဖြစ်သည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၂၆ ရက်ကလည်း မောင်တောမြို့၊ ၄ မိုင်မှ ငါးသွားမျှားသည့် အသက် ၁၁ နှစ်အရွယ် ၅ တန်းကျောင်းသားတစ်ဦးသည် ဦးခေါင်းအား တုတ်ဖြင့်ရိုက်ထားသည့် ဒဏ်ရာ(၁)ချက်နှင့် ညာဖက်ဝမ်းဗိုက်တွင် ထိုးသွင်းဒဏ်ရာ(၁)ချက်တို့ဖြင့် အသတ်ခံခဲ့ရသည်။

အဆိုပါကျောင်းသားအသတ်ခံရမှုတွင် ပြစ်မှုကျူးလွန်သူကို ရှာမတွေ့သေး၍ အာရက္ခတပ်တော်(AA)က စုံစမ်းဖော်ထုတ်လျက်ရှိသည်ဟု သိရသည်။

ဓာတ်ပုံ - ကိုင်းကြီးမြိုရွာအား တွေ့ရစဉ်။

ဆက်စပ် သတင်းများ