ဗုဒ္ဓဟူး၊ အောက်တိုဘာလ ၂ရက်၊ ၂၀၂၄

သံတွဲ ညောင်ခြေထောက်ရွာကို စစ်ကောင်စီလေကြောင်းတိုက်ခိုက်၍ စစ်ရှောင် သုံးဦး ဒဏ်ရာရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၂ အောက်တိုဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 307

(သေဆုံးသူများလည်းရှိဟု သတင်းထွက်နေ)

လူထက်နိုင် (ဒွါရာမြီ)၊ နိရဉ္စရာ၊ အောက်တိုဘာ ၂ / ၂၀၂၄

ရခိုင်ပြည်၊ သံတွဲမြို့ ဆင်ခေါင်းကျေးရွာအနီးရှိ ညောင်ခြေထောက်ရွာကို စစ်ကောင်စီက လေကြောင်းမှဗုံးကြဲ တိုက်ခိုက်ခဲ့သောကြောင့် စစ်ဘေးရှောင် သုံးဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ယမန်နေ့ အောက်တိုဘာ ၁ ရက်၊ ညနေ ၄ နာရီခန့်တွင် စစ်ကောင်စီ၏ ဂျက်တိုက်လေယာဥ်က လာရောက်ဗုံးကြဲခဲ့ခြင်းဖြစ်ပြီး စစ်ဘေးရှောင်များခိုလှုံနေသည့် ကျေးရွာဘုန်းကြီးကျောင်းသို့ ကျရောက်ပေါက်ကွဲခဲ့သည်ဟု သိရသည်။

ဒေသခံတစ်ဦးက “အခုဖုန်းလိုင်းတွေပြတ်နေတော့ သေဆုံးဒဏ်ရာရတာတွေကို အတိအကျပြောလို့မရဘူး။ သုံးယောက်ဒဏ်ရာရတာတော့ ကြားတယ်။ နှစ်ယောက်သေတယ်ပြောကြပေမယ့် အတည်မပြုနိုင်ဘူး။ ဘုန်းကြီးကျောင်းကိုဗုံးကျတာ ဆရာတော်ကတော့ ဘေးကင်းတယ်။ ဗုံးစတော့ နည်းနည်းစဥ်သွားတာပေါ့” ဟုပြောသည်။

ထိုသို့ ဗုံးကြဲချချိန်တွင် ဘုန်းကြီးကျောင်းတွင် ကျောင်းထိုင်ဆရာတော်အပါအဝင် ရပ်မိရပ်ဖတကာများရှိနေသည့်အပြင် စစ်ရှောင်များအတွက် ညနေစာ ကျွေးမွေးရန် ချက်ပြုတ်နေချိန်ဖြစ်၍ ဒဏ်ရာရသူနည်းပါးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

လက်ရှိတွင် စစ်ဘေးရှောင်များကိုလည်း ဘေးကင်းရာသို့ ပြောင်းရွှေထားရကြောင်း ပြောသည်။

အဆိုပါဘုန်းကြီးကျောင်းတွင် ဆင်ခေါင်း၊ ရွှေလှေ၊သပြုချိုင်တောင်ပေါ် တို့မှ စစ်ရှောင်တချို့နေထိုင်လျက်ရှိကာ စားရေးသောက်ရေးအတွက် ခက်ခဲနေသည့်ကြားမှ ယခုကဲ့သို့ ဗုံးကြဲခံရခြင်းကြောင့် စစ်ရှောင်များအတွက် ပိုမိုဒုက္ခရောက်စေကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ရှောင်ကူညီသူတစ်ဦးက “အသေအပျောက် အတိအကျပြောလို့မရဘူး။ ဗုံးကြဲခံရတာမှန်တယ်။ ဒဏ်ရာရတဲ့သူရှိတာလည်း မှန်တယ်။ အခုကတော့ နေရာရွှေ့ထားရတာပေါ့။ သံတွဲမှာ အခု ရိက္ခာပြတ်တာတွေ၊ စားနပ်ရိက္ခာရှားပါးတာတွေကြုံနေရတယ်” ဟုပြောသည်။

ညောင်ခြေထောက်ကျေးရွာသည် သံတွဲဲမြို့မှ ၁၆ မိုင်ခန့်ဝေးပြီး ဆင်ခေါင်းရွာကိုမရောက်မီ တောင်ကုတ်-သံတွဲလမ်းပေါ်ရှိ ရွှေလှေကျေးရွာမှ ဆက်သွားရသည့်ရွာဖြစ်သည်။

ရေလုပ်ငန်းကို အဓိကထားလုပ်ကိုင်သော ကျေးရွာတစ်ရွာဖြစ်သည်ဟုလည်း သိရသည်။

သံတွဲတွင် အာရက္ခတပ်တော်(AA)နှင့်တိုက်ပွဲဖြစ်ပွားခဲ့စဉ်က အဆိုပါကျေးရွာအား ဗုံးကြဲခြင်းမရှိခဲ့ဘဲ လက်ရှိ တိုက်ပွဲတစ်စုံတရာ ဖြစ်ပွားခြင်းမရှိချိန်မှသာ လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီသည် ပြီးခဲ့သည့် စက်တင်ဘာလ ၂၆ ရက်၊ နံနက်အစောကလည်း သံတွဲမြို့ရှိ စစ်ဘေးရှောင်များ နေထိုင်နေသည့် မြို့တော်ခန်းမနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးရုံးတို့ကိုလည်း လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်ခဲ့သောကြောင့် စစ်ဘေးရှောင် ၁၄ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ ၂၄ ဦးရှိခဲ့သည်။

ဓာတ်ပုံ - ပုံဟောင်း

ဆက်စပ် သတင်းများ