ဗုဒ္ဓဟူး၊ အောက်တိုဘာလ ၂ရက်၊ ၂၀၂၄

မောင်တော နခခ(၅)အနီး Y-12 ဖြင့် နေရာမှား ဗုံးကြဲမိ၍ စစ်ကောင်စီတပ်သား ၂၀ ခန့်သေဆုံးခဲ့ဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၂ အောက်တိုဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 663

နောင်မင်းသူ၊ နိရဉ္စရာ၊‌ အောက်တိုဘာ ၂/၂၀၂၄

ရခိုင်ပြည်၊ မောင်တော နခခ(၅)တပ်ရင်းမကျစေဖို့ စစ်ကောင်စီက နခခ(၅)အနီး ဗုံးလာကြဲစဥ် နေရာမှား ဗုံးကြဲမိ၍ စစ်ကောင်စီတပ်သား ၂၀ ခန့်သေဆုံးသွားသည်ဟု သိရသည်။

စက်တင်ဘာလ ၃၀ ရက်၊ မွန်းတည့် ၁၂ နာရီမှ နေ့လယ် ၂ နာရီအတွင်း စစ်ကောင်စီက မောင်တောမြို့ နေရာအနှံ့အပြားနှင့် နခခ(၅)ဝန်းကျင်ရှိ ရုံးအဆောက်အအုံများအား Y-12 ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု သိရသည်။

ယင်းသို့ ဗုံးကြဲချစဉ် နခခ(၅)အနီးရှိရုံးအဆောက်အအုံတစ်ခုတွင် စစ်‌ကောင်စီ တပ်သားများ နေရာယူထားသည့် ကာကင်းစခန်းတစ်ခုအား မှားယွင်း ဗုံးချခဲ့မှုကြောင့် စစ်ကောင်စီတပ်သား ၂၀ ခန့်သေဆုံးခဲ့ရကြောင်း သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

"နခခ(၅)ပတ်လည်က ရုံးအဆောက်အအုံတွေကို Y-12 နဲ့ ဗုံးချတာ နေရာမှားပြီးဗုံးချလို့ စစ်ကောင်စီတပ်သား ၂၀ လောက်သေဆုံးသွားတယ်လိုတော့ သိရတယ်"ဟု ပြောသည်။

မောင်တောခရိုင်တွင် စစ်ကောင်စီ၏ တစ်ခုတည်းကျန်ရှိ‌နေသည့် နခခ(၅)တပ်ရင်းအား အာရက္ခတပ်တော်(AA)က ဝန်းရံပိတ်ဆို့ပြီး လက်နက်ကြီးများဖြင့်ပစ်ခတ်နေ၍ စစ်ကောင်စီက လေကြောင်းမှ ဂျက်တိုက်လေယာဥ်များနှင့် Y-12 တို့ဖြင့် နေ့ညမပြတ် လာရောက် စစ်ကူပေး တိုက်ခိုက်နေခြင်းဖြစ်သည်။

မောင်တောမြို့‌ပေါ်နှင့် နခခ(၅)ဝန်းကျင်၊ ၃ မိုင်အနီးအား ယမန်နေ့ အောက်တိုဘာ ၁ ရက်၊ ည ၁၀ နာရီကျော်မှစပြီး ယနေ့ အောက်တိုဘာ ၂ ရက်၊ ညဥ့် ၃ နာရီကျော်အထိ ဂျက်တိုက် လေယာဉ်များဖြင့် ၇ ကြိမ်လာ‌ရောက် ဗုံးကြဲချခဲ့ကြောင်း ဒေသခံများက ပြောသည်။

"စိုးရိမ်ထိတ်လန့်ပြီး တစ်ညလုံး မအိပ်လိုက်ကြရဘူး"ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

AA က တိုက်ခိုက်နေသည့် မောင်တော နခခ (၅) တိုက်ပွဲမှာ အပြင်းထန်ဆုံးအဆင့်သို့ ရောက်ရှိလာ‌နေပြီး နခခ(၅)မကျဆုံးစေဖို့ စစ်ကောင်စီကလည်း လေယာဉ်များဖြင့် အဆက်မပြတ် ဗုံးကြဲတိုက်ခိုက်နေခြင်းဖြစ်သည်။

လက်ရှိတွင် နခခ(၅)၌ စားနပ်ရိက္ခာများ၊ လက်နက်ရိက္ခာများပြတ်လပ်လာနေ၍ Y-12 လေယာဉ်မှ လေထီးများဖြင့် မကြာခဏ လာရောက်ချပေးလျက်ရှိနေသည်ဟု သိရသည်။

နေရာမှား ဗုံးကြဲမိ၍ စစ်ကောင်စီတပ်သား ၂၀ ခန့်သေဆုံးသွားသည့်သတင်းနှင့် ပတ်သက်ပြီး သီးခြား အတည်ပြုနိုင်ခြင်းတော့ မရှိသေးပါ။


ဓာတ်ပုံ - ပုံဟောင်း

ဆက်စပ် သတင်းများ