ဗုဒ္ဓဟူး၊ အောက်တိုဘာလ ၂ရက်၊ ၂၀၂၄

ကျောက်ဖြူ တွင်တိုက်ပွဲမရှိဘဲ စစ်ကောင်စီနေဗီမှ လက်နက်ကြီးပစ်ခတ် (ကျေးရွာသားများစိုးရိမ်နေကြ)


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၂ အောက်တိုဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 260

မင်းသျှင်စော နိရဉ္စရာ ၊အောက်တိုဘာ၂ ၊ ၂၀၂၄

ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်ရှိ ဇင်ချောင်းနှင့် ရန်ကုန်- ကျောက်ဖြူကားလမ်း အနီးအနားရှိ တောင်တန်းများအား ပင်လယ်ပြင်တွင် ရပ်နားထားသော စစ်ကောင်စီနေဗီမှ လက်နက်ကြီးဖြင့် ပစ်ခတ်နေသည်ဟု သတင်းရရှိသည်။

တိုက်ပွဲတစ်စုံတစ်ရာမရှိဘဲ စစ်ကောင်စီ နေဗီမှ လူနေကျေးရွာများအနီးအနားရှိ တောင်တန်းများကို လက်နက်ကြီးများဖြင့် ပစ်ခတ်နေမူကြောင့် လက်နက်ကြီးကျည်များ ကျေးရွာအတွင်းသို့ ကျရောက်လာမည်ကို အထူး စိုးရိမ်နေကြရသည်ဟု ဒေသခံအမျိုးသမီးတစ်ဦးက နိရဉ္စရာကို ပြောကြားသည်။ 

" ဒီနေ့ညနေ ၃ နာရီကျော်မှာ ဝက်မျှောင်ကျေးရွာနဲ့ ကျောက်ခလေရွာအနားက ပင်လယ်ပြင်မှာရှိတဲ့ စစ်ကောင်စီ နေဗီမှ ၅ ကြိမ်တိတိ လက်နက်ကြီးတွေနဲ့ တောင်တန်းတွေကို ပစ်ခတ်ပါတယ်။  စလို့ပစ်တဲ့ ပထမအချိန်းမှာဆို ကျမတို့ရွာသားတွေက တိုက်ပွဲဖြစ်တယ်ထင်လို့ အကုန် ထွက်ပြေး ကြတယ်။ နောက်တို့မှ တစ်ဖက်သတ်ပစ်နေတာပါ။ အသံတွေကလည်း နီးကပ်တို့ ကျယ်လောင်တယ်။ နောက်ပြီး လေယာဉ်က ပျံနေတော့ လေယာဉ်က ပစ်မှာကိုလည်း စိုးရိမ်တယ်။ တချို့ဆိုဘေးလွှတ်ရာကို ရှောင်သွားကြတယ်။ ဒါပေမယ့် သူတို့လည်း လုံခြုံမှု ရှိနိုင်မယ်မထင်ဘူး" ဟု ၎င်းအမျိုးသမီးက ပြောသည်။

ဇင်ချောင်း၊ ဝက်မျှောင်၊ ကျောက်ခလေ၊ ကျောက်ပြောက် အစရှိသည့် ကျေးရွာများသည် ပင်လယ်ပြင်တွင် ရပ်နားထားသည့် စစ်ကောင်စီနေဗီနှင့် အနီးကပ်ဆုံး တည်ရှိသော ကျေးရွာများ ဖြစ်သဖြင့် ယခုကဲ့သို့ ဒေသခံများ စိုးရိမ်နေကြရသည်ဟု ပြောဆိုသည်။

စစ်ကောင်စီသည် အမ်းနှင့် ဂွမြို့နယ်တို့တွင် အာရက္ခတပ်တော် (AA) နှင့် တိုက်ပွဲပြင်းထန်နေပြီး ကျောက်ဖြူကိုလည်း ထိုးစစ်ဆင်လာမည်ကို စိုးရိမ်သောကြောင့် ယခုလို ပစ်ခတ်နေသည်ဟု ထင်မြင် ယူဆကြောင့် စစ်ရေးလေ့လာနေသူ ဒေသခံ တစ်ဦးက ပြောဆိုသည်။

ကျောက်ဖြူမြို့နယ်တွင် စစ်ကောင်စီ၏ အကြီးဆုံး ဓညဝတီရေတပ်ဌာနချုပ်ရှိကာ ၎င်းလက်အောက်ခံ တောင်မော်ကြီးရေတပ်စခန်းမှလည်း လက်နက်ကြီးများဖြင့် ကျေးရွာများသို့ လွန်ခဲ့သော လ အနည်းငယ်က ပစ်ခတ်မှုများရှိခဲ့၍ စနဲမြို့မှ နေအိမ်အချို့နှင့် စျေးပျက်စီးသွာခဲ့သည်။

ကျောက်ဖြူတွင် စက်တင်ဘာလ ၂၇ ရက်နေ့ AA ၏ စစ်ရေးသတင်းထုတ်ပြန်ချက်ကြောင့် စက်တင်ဘာ နောက်ဆုံးအပတ်ကစပြီး ကျောက်ဖြူမြို့ကို အဝင်အထွက်ဂိတ်များကို စစ်ကောင်စီက လုံခြုံရေး တင်းကျပ်ပြီး အင်အားအများအပြားဖြင့် ယခင်ကထက် ခုခံစစ်ကို အခိုင်အမာ တည်ဆောက်နေသည်ဟု သိရသည်။

၎င်းပြင် မြို့တွင်းနေ ပြည်သူများကို မြို့ဝင်မြို့ထွက် မလုပ်ရန်နှင့် စျေးသည်များနှင့် ကုန်စုံ ဆိုင်သည်များကိုလည်း နယ်ဘက်ကျေးရွာများသို့ ဆေးဝါး၊ ဆန်နှင့် စားကုန်များကို မတင်ပို့ရန် စစ်ကောင်စီလက်အောက်ခံ ထွေအုပ်ရုံးမှ စာပို့ပြီး တားမြစ်ထားသည်ဟု သိရသည်။

ဆက်စပ် သတင်းများ