ကြာသပတေး၊ အောက်တိုဘာလ ၃ရက်၊ ၂၀၂၄

၇ လအတွင်း ၄ ကြိမ်အထိ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခံရ၍ ကမ်းထောင်းကြီးမြို့ခံ အများစု မြို့ကိုစွန့်ခွာနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၂ အောက်တိုဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 184

ဆလိုင်းမိုးအောင်၊ နိရဉ္စရာ၊ အောက်တိုဘာ ၂/၂၀၂၄

၂၀၂၄ ခုနှစ် မတ်လကနေ စက်တင်ဘာလထိ (၇) လအတွင်း (၄) ကြိမ်အထိ ဗုံးကြဲ တိုက်ခိုက်ခံရသဖြင့် မြေပုံမြို့နယ်မှ ကမ်းထောင်းကြီးမြို့ခံ သုံးပုံ နှစ်ပုံမှာ မြို့ကို စွန့်ခွာခဲ့ရသည်ဟု သတင်းရရှိသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၂၅ ရက်၊ တော်သလင်းလဆုပ် ၈ ရက်၊ ဥပုသ်နေ့၊ ညနေ ၄ နာရီခန့်ကလည်း တိုက်ပွဲဖြစ်ပွားခြင်း တစ်စုံတစ်ရာမရှိဘဲ ကမ်းထောင်းကြီးမြို့ကို ဂျက်တိုက် လေယာဥ်ဖြင့် ရုတ်တရက် ဗုံးကြဲချ၍ ၁၁ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးအပါအဝင် နှစ်ဦးသေဆုံးခဲ့ပြီး ၁၁ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးနှင့် သက်ကြီးဥပုသ်သည် အချို့အပါအဝင် ခုနစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ကမ်းထောင်းကြီးမြို့ခံတစ်ဦးက  "အခုလည်း မိသားစုလိုက် ကိုယ့်နည်းကိုယ့်ဟန်နဲ့ မြို့ကို  စွန့်ပြီးထွက်ခွာနေတာရှိတယ်။ နောက်ထပ်လည်း ဗုံးမကြဲလာနိုင်ဘူးလို့ပြောမရဘူးလေ။ အသက်အန္တရာယ် ထိခိုက်မှာစိုးပြီးတော့ ရှောင်တိမ်းနေကြတယ်"ဟု နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

မြို့ခံအများစုမှာ လုံခြုံမည်ဟု ထင်ရသည့်  နီးစပ်ရာဆွေမျိုးများရှိရာ ကျေးရွာများသို့ ရှောင်တိမ်းသွားခဲ့ကြပြီး လက်ရှိ ကမ်းထောင်းကြီးမြို့တွင် လူဦးရေ သုံးပုံ တစ်ပုံသာ မြို့တွင် ကျန်ရှိတော့သည်ဟု ပြောဆိုသည်။


“ မြို့ကိုစွန့်ခွာနေကြတာက အများစုပါ။ ပြောင်းရွှေ့ဖို့ မတတ်နိုင်တဲ့ ငွေကြေး မတတ်နိုင် သူတွေသာ မြို့မှာ ကျန်နေရစ်ခဲ့တယ်လို့ ပြောလို့ရပါတယ်”ဟု ၎င်းက ဆက်လက် ပြောကြားသည်။

၎င်းအပြင် အသက်အန္တရာယ်စိုးရိမ်မှုကြောင့် မြို့ကိုစွန့်ခွာကာ ရှောင်တိမ်း နေကြသူများ မှာလည်း တစ်ခြားကျေးရွာများတွင် ခိုလှုံနေကြရသဖြင့် လက်ရှိတွင် နေထိုင် စားသောက်ရေးများ အခက်အခဲဖြစ်လျက်ရှိသည်ဟု သိရသည်။

စစ်ကောင်စီ ကမ်းထောင်းကြီးမြို့ကို ပြီးခဲ့သည့် ဧပြီလ ၂ ရက်နေ့၊  ညနေ ၅ နာရီခွဲခန့်ကလည်း ဂျက်ဖိုက်တာနှစ်စီးဖြင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်ခဲ့၍ မြစ်နားတန်းရပ်ကွက်မှ ဒေသခံ လေးဦးသေဆုံးသွားပြီး အများအပြားဒဏ်ရာရရှိသွားသည်။

ယင်းအပြင် ပြီးခဲ့သည့် မတ်လ ၃၁ ရက်နေ့၊ ည ၈ နာရီကျော်ခန့်ကလည်း ကမ်းထောင်းကြီး မြို့ကို စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ထပ်မံ ဗုံးကြဲခဲ့မှုကြောင့် အခြေခံပညာ (မူလွန်)ကျောင်း မီးလောင်ကျွမ်းခဲ့ပြီး ရပ်ကွက်အတွင်းရှိ နေအိမ်လေးလုံး မီးလောင်ပြာကျခဲ့သည်။



အလားတူ ပြီးခဲ့သည့် မတ်လ ၂၄ ရက်နေ့၊ အရုဏ် ၄ နာရီကလည်း ကမ်းထောင်းကြီးမြို့ရှိ တိုက်နယ်ဆေးရုံကို စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံးလာကြဲခဲ့သဖြင့် ဆေးရုံတွင် အကူလုပ်နေသည့် ကရင်ပြည်နယ်ဖက်မှ အမျိုးသမီးဝန်ထမ်း ဒေါ်ဝါဝါ အသက်(၄၀)ကျော်တွင် ဦးခေါင်း၌ ပြင်းထန်ဒဏ်ရာရရှိခဲ့သည်။

လွန်ခဲ့သည့် စက်တင်ဘာလ ၂၅ ရက်ကလည်း လေကြောင်းကနေ လေယာဉ်များဖြင့် ဗုံးကြဲသဖြင့် အသက် ၁၁ အရွယ် မိန်းခလေး တစ်ဦး အပါအဝင် လူ ၂ ဦး သေဆုံးခဲ့ရသည့် အပြင် ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့လည်း ရစရာမရှိအောင် ပျက်စီးသွားခဲ့ရသည်ဟု သိရှိရသည်။

(ပုံစာ- ပျက်စီးခဲ့ရသည့် ဘုန်းတော်ကြီးကျောင်းနှင့် နေအိမ်များ Photo- CJ)

ဆက်စပ် သတင်းများ