တနင်္ဂနွေ၊ အောက်တိုဘာလ ၆ရက်၊ ၂၀၂၄

တောင်ကုတ် ခေါင်းလောင်းတူရွာကို ညအချိန် စစ်ကောင်စီဗုံးလာကြဲ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၃ အောက်တိုဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 1.2k

ဆလိုင်းမိုးအောင်၊ နိရဉ္စရာ၊ အောက်တိုဘာ ၃/၂၀၂၄

ရခိုင်ပြည်၊ တောင်ကုတ်မြို့ အနီးရှိ ခေါင်းလောင်းတူကျေးရွာကို စစ်ကောင်စီတပ်မှ ယမန်နေ့ အောက်တိုဘာ ၂ ရက် ည ၁၁ နာရီ အချိန်က လေယာဉ်ဖြင့် ဗုံးကြဲခဲ့သည်ဟု သိရသည်။

တောင်ကုတ်ဒေသခံတစ်ဦးက " နှစ်ကြိမ်လာကြဲတယ်။ ဗုံးက ခေါင်းလောင်းတူရွာ ပြင်ဘက်မှာ ကျတယ်လို့တော့ သိရပါတယ်။ တောင်ကုတ်မြို့ပေါ်ကနေတောင် အသံအကျယ်ကြီး ကြားရတယ်။"  

ခေါင်းလောင်းတူရွာကျေးရွာအနီး လယ်ကွင်းပြင်များကိုသာ ကျရောက်ပေါက်ကွဲခဲ့၍ ဒေသခံများ ထိခိုက်ဒဏ်ရာရရှိမှုမရှိခဲ့ဟုလည်း သိရသည်။

 

အဆိုပါကျေးရွာတွင် အိမ်ခြေ ၂၁၀ နှင့် လူဦးရေ ၇၅၀ ဦးရှိသည်ဟု သိရသည်။

 

ခေါင်းလောင်းတူကျေးရွာသည် တောင်ကုတ်မြို့၏ အနောက်မြောက်ဘက် ခုနစ်မိုင်ခန့်အကွာတွင်တည်ရှိပြီး ယင်းရွာအနီးအနားတွင် ကုလားရောင်၊ သလိန်ပြန်၊ တောင်ရွာစသည့် ကျေးရွာများလည်း ရှိသည်ဟု သိရသည်။

ခေါင်းလောင်းတူရွာကို ပြီးခဲ့သည့် စက်တင်ဘာလ ၁၆ ရက်၊ ညနေ ၃ နာရီခွဲခန့်ကလည်း စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးလာကြဲခဲ့သဖြင့် ကျေးရွာသားများမှာ ယင်းအချိန်မှစ၍ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု သိရသည်။

ထို့အတူ ပြီးခဲ့သည့် စက်တင်ဘာလ ၂၄ ရက်၊ ည ၈ နာရီဝန်းကျင်ကလည်း စစ်ကောင်စီက ဂျက်ဖိုက်တာတစ်စီးဖြင့် တောင်ကုတ်ခရိုင်၊ တန်းလွဲရွာမမြို့ ရဲစခန်းနှင့် ရွှေပြည်သာ ကူးတို့ဆိပ်အနီး ရွာသစ်ချေတို့ကို ဗုံးလေးလုံးကြဲချ တိုက်ခိုက်ခဲ့၍ တက္ကသိုလ်ကျောင်းသား တစ်ဦး အပါအဝင် နှစ်ဦးသေဆုံးခဲ့ပြီး သုံးဦးဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

ဩဂုတ်လ ၂၉ ရက်၊ မနက်အစောကြီးကလည်း တောင်ကုတ်မြို့နယ်၊ တရဂူကျေးရွာနှင့် တပျော့ကျေးရွာကြား ရွှေပန်းတောကျေးရွာ သွားလမ်းတွင်ရှိသော တောင်တန်းတချို့ကို စစ်ကောင်စီဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

အလားတူ ဩဂုတ်လ ၂၂ ရက်ကလည်း မအီ- တောင်ကုတ်လမ်းပိုင်း မြို့နှင့် နီးစပ်သည့် ကျေးရွာများအနီး စစ်ကောင်စီဂျက်ဖိုက်တာက ဗုံးကြဲတိုက်ခိုက်ခဲ့၍ မီးချောင်းထိုးကျေးရွာမှ အသက်(၂၇)နှစ် အရွယ် မခင်ယုနန္ဒာထွန်းမှာ ပွဲချင်းပြီးသေဆုံးကာ နေအိမ် သုံးလုံး ဗုံးထိမှန် ပျက်စီးခဲ့သည်။

တောင်ကုတ်မြို့ကို ထိုးစစ်ဆင်သွားမည်ဟု ဩဂုတ်လ ၁ ရက်က အာရက္ခတပ်တော်(AA)က ကြေညာထားပြီးနောက်ပိုင်း စစ်ကောင်စီတပ်သည် တောင်ကုတ်တွင် စစ်ရေး အခိုင်အမာ ပြင်ဆင်လျက်ရှိပြီး တောင်ကုတ်မြို့ အနီးအနားရှိ တောင်တန်းများ၊ ကျေးရွာများကိုလည်း လေကြောင်းမှ မကြာခဏ ဗုံးများကြဲလျက်ရှိသည်။

ဓာတ်ပုံ - ပုံဟောင်း

 

ဆက်စပ် သတင်းများ