စနေ၊ အောက်တိုဘာလ ၅ရက်၊ ၂၀၂၄

AA က ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်များ အမ်းမြို့နပခဌာနချုပ်ထဲ ကျရောက်၍ ဒုတိုင်းမှူးကို လုံခြုံနေရာသို့ ပြောင်းရွှေ့ရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၃ အောက်တိုဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 3.6k

(AA ထိုးစစ် နပခနှင့် မိုင်ဝက်ခန့်အကွာသို့ ရောက်ရှိလာ)

မင်းသျှင်စော နိရဉ္စရာ ၊အောက်တိုဘာ ၃/ ၂၀၂၄

အာရက္ခတပ်တော်(AA)၏ အမ်းမြို့ထိုးစစ်မှာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် မိုင်ဝက်ခန့်အကွာသို့ ရောက်ရှိလာပြီး AAက ပစ်ခတ်လိုက်သည့် အမြောက်ကြီးကျည်များမှာ တိုင်းဌာနချုပ်အတွင်းသို့ ကျရောက်ပေါက်ကွဲသဖြင့် ဒုတိုင်းမှူး ဗိုလ်မှူးကြီး သောင်းထွန်းအား ၎င်း၏ အိမ်မှ နေရာ ပြောင်းရွှေ့လိုက်ရသည်ဟု တပ်တွင်းနှင့် နီးစပ်သည့် သတင်းရင်းမြစ်များအရ သိရသည်။

“တိုက်ပွဲက အရင် ၇ မိုင်အကွာလောက်မှာဖြစ်တာကနေ အခု တိုင်းဌာနချုပ်နဲ့ဆိုရင် မိုင်ဝက်ခန့် အကွာကို ရောက်လာပြီး စက်တင်ဘာ ၃၀ ရက်နေ့က အဲဒီကနေ အေအေက အမြောက်တွေနဲ့ချတာ တိုင်းထဲကို တော်တော်များများ ကျတယ်လို့ သိရပါတယ်။ အခု ဒုတိုင်းမှူးကို သူ့ရဲ့ အိမ်ကနေ လုံခြုံတဲ့ နေရာကို ပြောင်းရွှေ့ထားတယ်လို့ သိရပါတယ်”ဟု ၎င်းသတင်းရစ်မြစ်က ပြောသည်။

ဒုတိုင်းမှူး သောင်းထွန်း (DSA 41) ဆင်းဖြစ်ပြီး တိုက်ပွဲ နီးကပ်လာသဖြင့် နပခ တိုင်းဌာနချုပ် အတွင်းထဲက ပို၍ လုံခြုံမူရှိရာ နေရာသို့ ရွှေ့သွားခဲ့သည်ဟု ဆိုသည်။

“အမ်းမြို့ပတ်ဝန်းကျင်မှာ တိုက်ပွဲက နေ့တိုင်းလိုလို ဖြစ်နေကြတာ။ အေအေမှာလည်း အမြောက်ကြီးတွေ ပိုင်ဆိုင်ထားတော့ သူတို့ကလည်း တိုင်းထဲကို အမြောက်ကြီးတွေနဲ့ ချတယ်။ တိုင်းထဲကလည်း အမြောက်တွေနဲ့ ပြန်ချတယ်။ သူချကိုယ်ချ ဖြစ်နေကြတာ”ဟု ၎င်းက ပြောဆိုသည်။

လက်ရှိ အမ်းတွင် လုံခြုံရေးအထူးတိုးမြှင့်ထားပြီး ရပ်ကွက်တစ်ခုနှင့် တစ်ခုသွားလာရာတွင်လည်း အရပ်သားများ အနေဖြင့် မှတ်ပုံတင်ကို ပြကြရသည်ဟု ၎င်းက ဆိုသည်။

" တိုက်ပွဲကတဖြည်းဖြည် အမ်းနားကို ကပ်နေပြီလေ။ အဲဒါကြောင့်အမ်းမှာ ယခင်ထက် စစ်ရေးနင့် လုံခြုံရေးကို တိုးမြင့်ထားတယ်။ တရပ်ကွက်နင့် တရပ်ကွက်သွားယင်တောင် မှတ်ပုံတင် ပြရတယ်။ ဒီလောက် လုံခြုံရေး တိုးမြင့်ထားတဲ့ ကြားထဲကနေ နပခဌာချုပ်တောင် မလုံခြုံဖြစ်လာတယ်။ အဲဒါကြောင့် ကြောက်လို့ ဒုတိုင်းမှူးကို နေအိမ်ကနေ ပြောင်းရွှေ့နေတာလို့ သိရတယ်။ ဘယ်နေရာ ဘယ်တပ်ကို ပြောင်းနေတာလို့ တပ်ထဲကလူတွေတောင် မသိရ။ သူမပြောင်းခင် နှစ်ရက်အလိုကလည်း  အမြောက်ကြီးကျည် တပ်ထဲကိုကျလို့ ဆေးရုံမှာ ဗိုလ်ကြီးတစ်ဦးသေသွားတယf"ဟု၎င်းက ပြောဆိုသည်။

အမ်းတွင် တစ်ရက်ထက် တစ်ရက် စစ်ရေးအရှိန် မြင့်လာပြီး စက်တင်ဘာ ၃၀ နေ့ကစပြီး တိုက်ပွဲမှာ  အမ်းမြို့ ဘက်သို့ နီးကပ်လာသည်ဟု အမ်းဒေသခံများက ပြောဆိုသည်။

တိုက်ပွဲများမှာအမ်းမြို့ သို့ နီးကပ်လာပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင်များလည်း မြို့တွင်းတွင် နေရာယူမူများ ရှိလာသောကြောင့် မြို့တွင်းတွင် တိုက်ပွဲဖြစ်လာမည်ကို မြို့ခံများ စိုးရိမ်နေကြသည်ဟု သိရသည်။

ဆက်စပ် သတင်းများ