စနေ၊ အောက်တိုဘာလ ၅ရက်၊ ၂၀၂၄

ကျောက်ဖြူတွင် ကုန်ဝယ်ပြီးပြန်လာသူများကို စစ်ကောင်စီက ဒရုန်းဖြင့်ပစ်၍ ငါးဦးခန့်ဒဏ်ရာရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၃ အောက်တိုဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 1.3k

သဉ္ဇာနွယ်၊ နိရဉ္စရာ၊ အောက်တိုဘာ ၃/၂၀၂၄

ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်တွင် ကုန်သွားဝယ်ပြီးပြန်လာသူများကို စစ်ကောင်စီက ဒရုန်းဖြင့်ပစ်ခတ်၍ ငါးဦးခန့်ဒဏ်ရာရရှိသွားကြောင်း သတင်းရရှိသည်။

ကျောက်ဖြူမြို့နယ်၊ ကုလားမကျွန်းကျေးရွာမှ ဒေသခံ ခုနစ်ဦးသည် ပြီးခဲ့သည့် အောက်တိုဘာ ၁ ရက်တွင် စနဲမြို့မှ ကုန်သွားဝယ်ပြီး စက်လှေတစ်စီးဖြင့် ပြန်လာစဥ် စစ်ကောင်စီ၏ တောင်မော်ကြီးရေတပ်စခန်းက ဒရုန်းဖြင့် ပစ်ခတ်ခဲ့၍ ဗုံး အစအနစဉ်ကာ ငါးဦးခန့် ဒဏ်ရာရရှိသွားခြင်းဖြစ်သည်ဟု စနဲဒေသခံတစ်ဦးက နိရဉ္စရာသတင်းဌာနကို ပြောသည်။

"
ဈေးဝယ်လို့ရွာကို အပြန် အပစ်ခံရတာ။ ပစ်ခံရတုန်းက စနဲဖက်မှာပဲရှိသေးတယ်။ သူတို့လှေကို ဇီးချဆိပ်ကမ်း ပိုက်ဆိပ်တောင်မော်မှာ ရပ်ထားတာ။ လှေပေါ်မတက်ရသေးဘူး။ တောင်မော်ကြီးဖက်က စစ်ကောင်စီ ဒရုန်းကပစ်တဲ့ လက်နက်အစတွေ ထိသွားကြလို့ ဒဏ်ရာ ငါးယောက်လောက်ရသွားတယ်။ဒဏ်ရာရတဲ့အထဲမှာ အမျိုးသားရော အမျိုးသမီး ရောပါတယ်" ဟုပြောသည်။

ဒဏ်ရာရရှိသူများကို နီးစပ်ရာတွင် ဆေးကုသမှုပေးနေသည်ဟု ကျောက်ဖြူဒေသခံအမျိုးသားတစ်ဦးက နိရဉ္စရာ သတင်းဌာနကို ပြောသည်။

"
ဒဏ်ရာကတော့ အနည်းနဲ့အများထိခိုက်သွားကြတယ်။ အရမ်းကြီးစိုးရိမ်စရာမရှိဘူးလို့ သိရတယ်။ဆေးကုသမှုတော့ ပေးနေကြပါတယ်။ အသေအပျောက်မရှိပါဘူး" ဟု ပြောသည်။

ဒဏ်ရာရရှိသူများ၏ အမည်နှင့်အသက်ကို လောလောဆယ် စုံစမ်းနေဆဲဖြစ်သည်။

ကျောက်ဖြူတွင် တောင်မော်ကြီးရေတပ်စခန်းနှင့်  ရပ်နားထားသည့် နေဗီများက ဇင်ချောင်းတိုက်နယ်ဖက်သို့ မကြာခဏ လက်နက်ကြီးကျည်များ ပစ်ခတ်နေသည်ဟု ဒေသခံများက ပြောသည်။

ကျောက်ဖြူမြို့နယ်တွင် စစ်ကောင်စီက ဒေသခံများအား ငါးဖမ်းခွင့်ပိတ်ပင်ထားခြင်း၊ မြို့ပေါ်မှ နယ်ဖက်သို့ ကုန်ပစ္စည်းတင်ပို့မှု ပိတ်ပင်ထားခြင်းအပြင် နေဗီပေါ်မှ လက်နက်ကြီး/ငယ်များဖြင့် ပစ်ခတ်မှုရှိသဖြင့် ဒေသခံများအခက်တွေ့နေကြောင်း သိရသည်။

ဓာတ်ပုံ - ကျောက်ဖြူဆိပ်ကမ်းတစ်နေရာအား တွေ့ရစဥ်။

ဆက်စပ် သတင်းများ