မင်းသျှင်စော နိရဉ္စရာ၊အောက်တိုဘာ၃၊၂၀၂၄
ရခိုင်ပြည်၊ တောင်ဖက်အစွန်ဆုံးတွင် တည်ရှိသော ဂွမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော် (AA)တို့ နေရာ ၂ ခုတွင် တိုက်ပွဲအပြင်းအထန် ဖြစ်ပွားနေသည်ဟု သတင်းရရှိသည်။
“ တိုက်ပွဲက ပြင်းထန်နေသလို နေရာ ၂ ခုထိ ဖြစ်လာတော့ ပိုကျယ်ပြန့်လာတဲ့ သဘောပါ”ဟု ဒေသခံသတင်းရင်းမြစ် တစ်ဦးက ပြောသည်။
တိုက်ပွဲဖြစ်ပွားနေသည့် နေရာမှာ ဘဝင်ရွာနားတွင်တစ်နေရာဖြစ်ပြီး ကိုင်းခုံရွာနှင့် ဆားချက်ရွာ အကြားတွင်လည်းဖြစ်ပွားနေသည်ဟု သိ၇သည်။
စစ်ကောင်စီဖက်မှ အဆိုပါ နေရာ ၂ ခုစလုံးကို လေကြောင်းမှ ပစ်ကူပေးနေပြီးကျေးရွာများအတွင်းသို့ ဗုံးကြဲချနေ၍ ကျေးရွာအချို့ မီးလောင်နေသည်ဟု နောက်ထပ် သတင်းရင်းမြစ်တစ်ဦးကဆက်လက်ပြောကြားသည်။
"ဆားချက်ရွာနဲ့ ကိုင်းခုံရွာနားမှာတော့ တိုက်ကဖြစ်နေတာသုံးလေးရက်ရှိနေပြီ။ ဘဝင်ရွာနားမှာတော့ ဒီနေ့ဘဲ ဖြစ်တာပါ။ စစ်ကောင်စီက ဒီနေ့ ဆားချက်ရွာဘက်ကို ဂျက်ဖိုက်နဲ့ ဗုံး ၆ ကြိမ်ချတယ်။ ဆားချက်ရွာကတော့ မီးခိုးတွေထွက်လို့ မြင်တယ်။ နေအိမ်အပျက်အစီးနဲ့ ရွာသားအထိအခိုက်တော့ မသိ၇သေးဘူး " ဟု ၎င်းကပြောသည်။
၎င်းပြင် စစ်ကောင်စီတပ်ဘက်က အကျအဆုံးများနေသည်ဟု သတင်းကြားသိ၇ကြောင်း ၎င်းက ပြောသည်။
“ သူတို့ (စစ်တပ်) ကနယ်မြေလည်း မကျွမ်းဘူး။ ညီညွတ်မှုလည်း မရှိဘူး။ တိုက်ရင် ထွက်ပြေးမယ်။ လက်နက်ချမယ်။ဒါမျိုးတွေဖြစ်နေတယ်။ ဧရာ၀တီတိုင်းဘက်က ပို့တဲ့ ပြည်သူ့စစ်မှုတွေ တော်တော် အကျများနေသလိုထွက်ပြေးတာလည်း များနေတယ်။ ကုလားပြင်သင်္ချိုင်းမှာ မြှုပ်တဲ့ စစ်သားတွေ များနေတယ်”ဟု ပြောသည်။
ဆားချက်ကျေးရွာမှ ကောင်းကင်သို့ ထွက်လာသည့်မီးခိုးလုံးများကို အဝေးက လှမ်းမြင်နေသည် ဟုလည်း ဒေသခံအမျိုးသမီး တစ်ဦးက ပြောသည်။
“ သေနတ်သံတွေဆက်တိုက်ကြားနေရတယ်။ လေယဉ်လည်း လာတယ်။ ဗုံးကြဲတဲ့အသံတွေ ကျွန်မတို့ ရွာကနေထိ ကြားရတယ်။ဒီနေ့ဆားချက်ရွာ မီးခိုးတွေ ထွက်လာတာကိုလည်း မြင်၇တယ်” ဟုယနေ့ ညနေပိုင်းက ပြောကြားသည်။
စစ်ပွဲများကို အနီးကပ်စောင့်ကြည့်နေသူ တစ်ခြားသံတွဲဒေသခံတစ်ဦးကလည်းကုလားပြင်ရွာ အထက် အောက်ဘဝင်မှာ တိုက်ပွဲဖြစ်နေပြီး တိုက်ပွဲပြင်းထန်နေကာ စစ်ကောင်စီတပ်ဗိုလ်မှူးတစ်ဦး အပါအဝင် စစ်သားများ စစ်ကူလိုက်သွားသည်ကို မြင်တွေ့၇သည်ဟု ပြောဆိုသည်။
ဂွမြိုနယ်တွင် တိုက်ပွဲများ နေ့တိုင်းလိုလို ဖြစ်ပွားနေပြီး တဖြည်းဖြည်းဂွမြို့နှင့် နီးကပ်လာသည်ဟု သိ၇သည်။
ဂွမြို့ကိုAA၏ထိုးစစ် တဖြည်းဖြည်းနှင့် နီးကပ်လာသဖြင့် ဂွမြို့ရှိ ခမ၇(၅၆၃) နှင့် (၅၆၂) တပ်ရင်း ၂ ရင်းတွင် အေအေ၏ထိုးစစ်ကိုခုခံနိုင်ရန် ဧရာ၀တီတိုင်းမှစစ်ကူလာသော စစ်သားများဖြင့် ခုခံရန် ပြင်ဆင်နေသည်ဟု သိ၇သည်။