တနင်္ဂနွေ၊ အောက်တိုဘာလ ၆ရက်၊ ၂၀၂၄

တိုက်ပွဲကာလ ဝယ်ယူသုံးစွဲသူများလာ၍ ရခိုင့်ရိုးရာမြေအိုးလုပ်ငန်း ပြန်လည် ဦးမော့လာ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၄ အောက်တိုဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 470

သဉ္ဇာနွယ်၊ နိရဉ္စရာ၊ အောက်တိုဘာ ၄/၂၀၂၄

ရခိုင်ပြည်တွင် တိုက်ပွဲကာလအတွင်း မြေအိုးများကို ဝယ်ယူသုံးစွဲသူများလာသဖြင့် ရခိုင့်ရိုးရာမြေအိုးလုပ်ငန်း ပြန်လည်ဦးမော့လာကြောင်း သတင်းရရှိသည်။

ရခိုင်တွင် မြို့သိမ်းတိုက်ပွဲများစဖြစ်ချိန်မှ ယခုအထိ သွပ်နှင့်စတီးအိုးများစသည့် သတ္တုအိုးများသည် စျေးအဆမတန်မြင့်တက်နေ၍ စျေးချိုသည့် ရခိုင့်မြေအိုးများကို ယခင်နှစ်များကထက် ဝယ်ယူသုံးစွဲသူများလာသဖြင့် မြေအိုးလုပ်ငန်း ပြန်လည် ဦးမော့လာခြင်းဖြစ်သည်ဟု လုပ်ငန်းရှင်များက ပြောသည်။

ကျောက်တော်မြို့နယ်၊ တူးမြောင်းကျေးရွာမှ မြေအိုးထုတ်လုပ်သူ ဦးမောင်ကျော်မြင့်က "ဒီနှစ်တော်တော်ရောင်းရတယ်။ အခုဆို အရင်က ဈေးပျက်ခဲ့တဲ့ မြေအိုးဈေးကလည်း အင်မတန်ကောင်းလာတယ်။ တော်တော်လေးကိုအဆင်ပြေတယ်။ အရင်တုန်းက မရောင်းရဘဲ ကျန်နေသေးတဲ့ မြေအိုးတွေတောင် အရောင်းထွက်သွားပြီ။ တော်တော်စိတ်ချမ်းသာတယ်" ဟု နိရဉ္စရာသတင်းဌာနကို ပြောသည်။

ဟင်းချက်သည့်မြေအိုးတစ်လုံးကို ပိုက်ဆံ ၁၅၀၀ ကျပ်မှ ၂၀၀၀ ကြားသာရှိ၍ သတ္တုအိုးများထက် စျေးအလွန်ချိုသည့်အတွက် ဝယ်ယူသုံးစွဲမှုများလာခြင်းဖြစ်သည်ဟုလည်း ဆိုသည်။


ယင်းအပြင် မြေအိုးများဖြင့်ချက်ပြုတ်ပါက အနံ့အရသာ ပိုမိုကောင်းမွန်၍ သတ္တုအိုးများထက် မြေအိုးများကို ပိုမို ကြိုက်နှစ်သက်လာကြသည်ဟုလည်း မြေအိုးထုတ်လုပ်သူများက ပြောသည်။

ယခင်က မီးဖို၊ စဉ့်အိုးကြီး၊ စဉ့်အိုးငယ်၊ သောက်ရေအိုး၊ အင်ဒုံ၊ ငရုပ်သီးကြိတ်သည့်ခွက်၊ ပန်းအိုး၊ ထမင်းအိုး၊ မင်္ဂလာအိုး၊ ဟင်းအိုး စသည့် အိုးအမျိုးအစားများကို ပုံမှန် ထုတ်လုပ်ခဲ့ရကြောင်း ဒေသခံများက ပြောသည်။

လက်ရှိတွင် ထမင်းအိုး၊ ဟင်းအိုး၊ မီးဖို၊ သောက်ရေအိုးနှင့် စဉ့်အိုးများမှာ ရောင်းအားကောင်း နေကြောင်း မြေအိုးထုတ်လုပ်ရောင်းချနေသူများပြောသည်။

ယခင်က သောက်ရေအိုး အလုံး ၁၀၀ ကို ငွေကျပ် နှစ်သိန်းခွဲမှ သုံးသိန်းအထိသာဈေးရရှိခဲ့ပြီး လက်ရှိတွင် သောက်ရေအိုးအလုံး ၁၀၀ ကို ငွေကျပ် ၁၅ သိန်းမှ ၁၈ သိန်းအထိ ဈေးကောင်း ရနေသည်ဟု ဒေသခံများက ပြောသည်။

တူးမြောင်းကျေးရွာမှ မြေအိုးထုတ်လုပ်သူ အမျိုးသမီးတစ်ဦးကလည်း "အခုလိုပြန်ပြီး ရောင်းကောင်းလာတဲ့အတွက် အရမ်းဝမ်းသာတယ်။ စိတ်ဓာတ်ကျခဲ့တဲ့အချိန်တွေ ကြာခဲ့ပါပြီ"ဟု နိရဉ္စရာသတင်းဌာနကို ပြောသည်။

တူးမြောင်းကျေးရွာတွင် အိမ်ခြေ ၁၆၀ ကျော်ရှိပြီး ရွာလုံးကျွတ်နီးပါးက မြေအိုးလုပ်ငန်းကို မိရိုးဖလာ အလုပ်အဖြစ် လုပ်ကိုင်ကြသည်ဟု သိရသည်။

ထိုရွာမှ ထွက်ရှိသော မြေအိုးများကို မြောက်ဦး၊ မင်းပြား၊ ကျောက်တော်နှင့် ပေါက်တော ဒေသတို့က ဝယ်ယူသုံးစွဲမှုများပြားသည်ဟု သိရသည်။


ရခိုင်တွင် မြေအိုးလုပ်ငန်းကို ယခင်က ရသေ့တောင်၊ စစ်တွေ၊ ကျောက်တော်၊ မင်းပြား၊ ပေါက်တော၊ မြေပုံမြို့နယ်၊ ကျောက်ဖြူနှင့် ရမ်းဗြဲမြို့နယ်များတွင် အဓိက လုပ်ကိုင်ခဲ့ကြသော်လည်း လက်ရှိတွင် တိုက်ပွဲအခြေအနေကြောင့် လုပ်ငန်းရပ်နားထားသည့် မြို့နယ်အများအပြားလည်း ရှိနေသည်။

မြေပုံမြို့နယ်၊ ကံသာကျေးရွာမှ မြေအိုးထုတ်လုပ်သူ မလှသန်းစိုးက "၂၀၂၃ တိုက်ပွဲဖြစ်ပြီး နောက်ပိုင်း သွပ်အိုးတွေဈေးတအားတက်တော့ မြေအိုးတွေက မီးဖုတ်ပြီးတာနဲ့ ဝယ်မယ့်သူက ရှိပြီးသား။ အရင်တုန်းက လောင်းလှေတွေနဲ့ လည်ပတ်ပြီး ရွာတွေကိုလိုက်ပြီးရောင်းကြတယ်။ အခု အဲလိုရောင်းစရာမလိုဘူး။ လာဝယ်တဲ့သူတွေရှိတယ်" ဟု နိရဉ္စရာသတင်းဌာနကို ပြောသည်။

ကံသာကျေးရွာတွင် အိမ်ခြေ ၃၀၀ ခန့်ရှိပြီး မြေအိုးလုပ်ငန်းကို မိရိုးဖလာ လုပ်ကိုင်ကြသည့်ရွာ ဖြစ်သည်။

မြေအိုးလုပ်သည့် ရာသီမှာ မိုးရာသီမှ လွဲ၍ ဆောင်းရာသီနှင့်နွေရာသီတို့ဖြစ်သည်ဟု သိရသည်။

လာမည့် သီတင်းကျွတ်လွန်ပြီး တန်ဆောင်မုန်းလရောက်လျှင် မြေအိုးအသစ်များ ပြုလုပ်မည့် ရာသီရောက်ရှိတော့မည်ဖြစ်ပြီး ဈေးကောင်းရရန်လည်း ထုတ်လုပ်သူများက မျှော်လင့်နေကြသည်။

 

ဆက်စပ် သတင်းများ