စနေ၊ အောက်တိုဘာလ ၅ရက်၊ ၂၀၂၄

မောင်တော ကိုင်းကြီးမြိုရွာမှ‌ ပျောက်နေသည့် ဆယ်ကျော်သက်သုံးဦးအပါအဝင် သားဖလေးဦးအား AA က စစ်ကြောင်းထိုးရှာဖွေနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၄ အောက်တိုဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 1.6k

နောင်မင်းသူ၊ နိရဉ္စရာ၊‌ အောက်တိုဘာ ၄/၂၀၂၄

ရခိုင်ပြည်၊ မောင်တောမြို့နယ်တောင်ပိုင်း ကိုင်းကြီးမြိုရွာမှ ပျောက်ဆုံးနေသည့် ဆယ်ကျော်သက်သုံးဦး အပါအဝင် သားဖလေးဦးအား အာရက္ခတပ်တော် (AA)က ယနေ့နံနက်မှ စတင်ကာ စစ်ကြောင်းထိုးရှာဖွေနေသည်ဟု သိရသည်။

ယနေ့ အောက်တိုဘာ ၄ ရက်၊ နံနက်မှစပြီး AA တပ်ဖွဲ့ဝင်များက ပိုက်စိပ်တိုက် ရှာဖွေနေကြခြင်းဖြစ်သည်ဟု ရွာသားများက ပြောသည်။

ရွာသားတစ်ဦးက "ကျွန်တော်တို့လိုက်ရှာခဲ့တာ ၃ ရက်ရှိခဲ့ပါပြီ။ တောနက်တွေ အထိ သွားမရှာဝံ့ကြပါဘူး။ သူတို့သားဖလေးယောက်ကို ဖမ်းသွားတာက အကြမ်းဖက်အာဆာအဖွဲ့ဖြစ်နိုင်ပါတယ်။ အဲဒါကြောင့် တပ်တော်ကို အကြောင်းကြားပြီး တပ်တော်က စစ်ကြောင်းထိုး ရှာဖွေနေကြပါတယ်"ဟုပြောသည်။

ပျောက်ဆုံးနေသူများမှာ ဦးဆိုင်ဝင်း (၄၅)နှစ်၊ သားများဖြစ်ကြသည့် မောင်လင်ကြီး(၁၅)နှစ်၊ မောင်အာမွန်း(၁၂)နှစ်နှင့် ဦးဆိုင်ဝင်း၏ အစ်ကိုသား မောင်ဒီကော်(၁၄)နှစ်တို့ဖြစ်ကြောင်း သိရသည်။

သူတို့သည် စက်တင်ဘာ ၃၀ ရက်၊ နံနက် ၈ နာရီ၌ မေယုတောင်တန်းရှိ လက်ဝဲချောင်းသို့ ငါးရှာသွားကြရာမှ ရွာပြန်မရောက်လာဘဲ ယနေ့ အောက်တိုဘာ ၄ ရက်အထိ ပျောက်ဆုံးလျက်ရှိနေကြခြင်းဖြစ်ကြောင်း ရွာသားများက ပြောသည်။

စတင်ပျောက်ဆုံးသည့်နေ့ ညအချိန်မှစပြီး ရွာသားလူငယ် ဆယ်ဦးခန့်က သွားရောက် ရှာဖွေခဲ့ကြပြီး ရှာမတွေ့၍ အောက်တိုဘာလ ၁ ရက်တွင် ရွာသား ၆၀ ကျော်စုပေါင်းပြီး မေယုတောနက်အထိ သွားရောက်ရှာဖွေခဲ့ကြသလို အောက်တိုဘာ ၂ ရက်ကလည်း ရွာသား ၇၀ ကျော်က သွားရောက်ရှာဖွေခဲ့ကြသည်။

ထိုသို့ရှာဖွေခဲ့ကြသော်လည်း ပျောက်ဆုံးနေသူများအားရှာမတွေ့ခဲ့ကြသည့်အတွက် AA က ဦးဆောင်ကာ ဆက်လက်ရှာဖွေနေခြင်း ဖြစ်သည်

ထိုသို့ ငါးရှာသွားသည့် သားဖလေးဦးပျောက်ဆုံးနေ၍ ကိုင်းကြီးရွာသူရွာသားများမှာ တောတောင်ထဲသို့ ဟင်းရှာ၊ ငါးရှာ မသွား‌ရဲဖြစ်နေပြီး စားဝတ်နေရေးအခက်တွေ့ လျက်ရှိနေကြောင်း ဒေသခံများက‌ ပြောဆိုသည်။

ကိုင်းကြီး‌မြိုရွာမှအမျိုးသမီးတစ်ဦးက "တောထဲမှာ ရွာက သားဖလေးယောက် ပျောက်နေတယ်။ တောတောင်ထဲကို ဟင်းရှာ၊ ငါးရှာမသွားဝံ့ကြတော့ဘူး။ ဟင်း၊ ငါးရှာမရတော့ စားဝတ်နေရေး အခက်အခဲဖြစ်နေကြရတယ်"ဟု ပြောသည်။

ကိုင်ကြီးမြိုရွာ၌ အိမ်ထောင်စု ၁၃၀၊ လူဦးရေ ၉၀၀ ခန့်နေထိုင်နေကြပြီး မေယုတောထဲ၌ ဖားရှာ၊ ငါးရှာ၊ဟင်းရှာပြီး ရောင်းချစားသောက်နေထိုင်နေကြသည့်ရွာဖြစ်သည်။

ထိုသို့ရှာဖွေရရှိလာကြသည့် ဟင်းသီး၊ ဟင်းရွက်၊ သစ်ဥ၊ သစ်ဖုများအား ရွာမှ ငါးမိုင်ခန့်ဝေးကွာသည့်တောင်ပိုင်းကျေးရွာများဖြစ်ကြသော ရွှေဗဟို၊ သရီကုန်ဘောင်၊ ကိုင်းကြီး(ရခိုင်)၊ မောရဝတီ၊ ဥဒေါင်း စသည့်ကျေးရွာများသို့ သွားရောက်ရောင်းချပြီးအသက်မွေးနေကြရသည်။

ဓာတ်ပုံ-ပျောက်ဆုံးနေသည့်သားဖလေးဦးအား မေယုတောင်ထဲ၌ လိုက်ရှာနေသည့် ကိုင်းကြီးရွာသားများအားတွေ့ရစဉ်။

ဆက်စပ် သတင်းများ