သဉ္ဇာနွယ်၊ နိရဉ္စရာ၊ အောက်တိုဘာ ၄/၂၀၂၄
၇ခိုင်ပြည်၊ အမ်းမြို့နယ်မှ သဘာ၀ပတ်ဝန်းကျင်အရေး လူပ်ရှားသူ ကိုမျိုးလွင် ဦးဆောင်ပြီး ရခိုင် တိုက်ပွဲကာလအတွင်း ဒီရေတော သစ်ပင်ပေါင်း ခုနစ်သိန်းကျော်အထိကိုယ်ထူကိုယ်ထ စိုက်ပျိုးနိုင်ခဲ့ကြောင်း သတင်းရရှိသည်။
မြို့သိမ်းတိုက်ပွဲများစတင်ဖြစ်ပွားခဲ့သည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလမှစ၍ ယခုအောက်တိုဘာလအစောပိုင်းအထိ အမ်းမြို့နယ်နှင့် ကျောက်ဖြူမြို့နယ်ကြားရှိဒီရေတောများတွင် အဓိကထား စိုက်ပျိုးနိုင်ခြင်းဖြစ်သည်ဟု ဒီရေတောနှင့် သဘာ၀ပတ်ဝန်းကျင်ထိန်းသိမ်းရေးလှုပ်ရှားသူ ကိုမျိုးလွင်က နိရဉ္စရာ သတင်းဌာနကိုပြောသည်။
"ရခိုင်ပြည်ပြန်လည်ထူထောင်ရေးလုပ်ပြီးရင် သစ်တော၊သစ်ပင်ထူထောင်ရေးအပိုင်းလည်းလာမယ်။ အဲဒီအချိန်ခါမှ ပြန်လည်ထူထောင်ရေးမှာပူးပေါင်းပြီး သစ်တော၊ သစ်ပင်စိုက်ဖို့ဆိုရင် မလွယ်တော့ဘူးလေ။ ဒါကြောင့် အခုအခက်ခဲကြားက၊ စိန်ခေါ်မှုကြားထဲမှာ အခုလို စိုက်နေရတာဖြစ်တယ်။ အဓိကကအရင်ခုတ်ထားတဲ့နေရာတွေမှာပဲ ပြန်စိုက်ဖြစ်တာပါ။ အဓိက ငှက်ကလေးတွေအသီးစားလို့၇တဲ့အပင်မျိုးကို စိုက်ဖြစ်ပါတယ်"ဟု ပြောသည်။
လက်ရှိကာလအတွင်း ဒီရေပင်များစိုက်ပျိုးရာတွင်စက်သုံးဆီဈေးနှုန်းမြင့်တက်ခြင်း၊ ပျိုးပင်များ ဈေးတက်ခြင်းအပြင် စစ်ကောင်စီ၏လက်နက်ကြီးကျည်ပစ်ခတ်မှုနှင့် လေကြောင်းတိုက်ခိုက်မှုစသည့် အခက်အခဲစိန်ခေါ်မှုကိုရင်ဆိုင်နေကြရသည်ဟု ဒီရေတော စိုက်ပျိုးနေသူ လူငယ်တစ်ဦးက နိရဉ္စရာသတင်းဌာနကိုပြောသည်။
"အရင်တုန်းကလိုတော့ သိပ်အဆင်မပြေဘူးပေါ့နော်။ စက်သုံးဆီတွေဈေးကြီးတယ်။မြေထုပ်တွေကလည်း ဈေးက ခုနစ်ရာခိုင်နှုန်းထိတက်သွားတယ်။သယ်ယူစရိတ်နဲ့တွက်ချက်ကြည့်လိုက်ရင် ၉၀ ရာခိုင်နှုန်းအထိတက်သွားတယ်။အရင်ကလိုလမ်းတွေမဖွင့်တော့ ဝေးတဲ့ဒေသတွေကနေ လှမ်းမှာရတယ်။ နောက်တစ်ခုက စစ်ကောင်စီရဲ့လက်နက်ကြီးပစ်ခတ်မှုရှိ/မရှိ မြေပြင်အနေအထားကြည့်ပြီးသွားစိုက်ရတဲ့စိန်ခေါ်မှုတစ်ရပ်ရှိနေတယ်" ဟု ပြောသည်။
လက်ရှိတွင် ဒီရေတောများသည် ဒေသခံပြည်သူများ၏ စားဝတ်နေရေးကျပ်တည်းမှုကြောင့် ထင်းအဖြစ် ခုတ်ထစ်ရောင်းချမှုများရှိနေသဖြင့်ဒီရေတောပြုန်းတီးမှုဆက်လက်ရှိနေသေးသည်ဟု ဒေသခံများက ပြောသည်။
ရခိုင်ဒေသသည် ကမ်းရိုးတန်းဒေသဖြစ်သည့်အတွက် ဒီရေတောများအား ထိန်းသိမ်းရန်လိုအပ်ပြီး ဒီရေတောများပြုန်းတီးသွားလျှင် သဘာ၀ဘေးအန္တရာယ်များအား ကြုံတွေ့ရခြင်း၊သားငါးပုစွန် အစရှိသည့် ရေသယံဇာတများ ဆုံးရှုံးခြင်းစသည့် ဆိုးကျိုးများနှင့်ရင်ဆိုင်ကြုံတွေ့၇နိုင်သည်ဟု သဘာ၀ပတ်ဝန်းကျင်ထိန်းသိမ်းသူများက ပြောကြားသည်။
ကိုမျိုးလွင်က "ဒီရေတောက သဘာ၀ဘေးအန္တရာယ်တွေကို ကာကွယ်ပေးတယ်။ ဥပမာမုန်တိုင်းတိုက်ရင် သစ်ပင်တွေကပဲ ကာကွယ်ပေးတယ်။ လေတွေကိုလျှော့ချနိုင်တယ်။နောက်တစ်ခုက လေနဲ့တူတူပါလာတဲ့ ပင်လယ်လှိုင်းတွေကို ကမ်းရိုးတန်းထိမလာနိုင်အောင်သစ်ပင်တွေက အတားအဆီးလုပ်ထားတဲ့အခါ အရှိန်အဟုန်နဲ့မလာဘူး။ ရာသီဥတုဖောက်ပြန်မှုကိုလည်းကာကွယ်နိုင်တယ်"ဟု ပြောသည်။
ကိုမျိုးလွင်တို့သည် ဒီရေပင်စိုက်ပျိုးမှုကို ၂၀၂၀ ပြည့်နှစ်မှစ၍ အဓိကအားစိုက်ကာ လုပ်ကိုင်ခဲ့သည်ဟု သိ၇သည်။
သဘာ၀အလျှောက် ပေါက်ရောက်နေသော အပင်များကိုလည်း ထိန်းသိမ်းဆောင်ရွက်နေသလိုတစ်ခြားတစ်ဖက်တွင်လည်း ဒီရေပင်စိုက်ပျိုးမှုကိုလည်း တစ်ပြိုင်တည်းလုပ်ဆောင်နေကြောင်း သိ၇သည်။
ယခင်က အမ်း၊ တောင်ကုတ်နှင့် ကျောက်ဖြူမြို့နယ်များမှမြစ်ကမ်းစပ်တစ်လျှောက်တွင် စိုက်ပျိုးလေ့ရှိပြီး လက်ရှိတွင်တိုက်ပွဲအခြေအနေကြောင့် မစိုက်နိုင်သည့်နေရာများလည်း ရှိနေကြောင်း သိ၇သည်။
ဓာတ်ပုံ - ကိုမျိုးလွင်