Preview

လူ ၄ ဦးထိ သေဆုံးခဲ့ရသည့် တောင်ကုတ် ကင်းတောင်ရွာကို တစ်ရက်တည်းအတွင်း နောက်ထပ်ဗုံးလာကြဲ၍ ဆယ်ကျော်သက်အရွယ် မိန်းကလေးတစ်ဦး ထပ်သေဆုံးပြီး ရွာသား ၁၂ ဦးဒဏ်ရာရ

လွန်ခဲ့သော တစ်လ က | ကြည့်ရှုသူ :1350
ရခိုင် သတင်း

(တစ်ရွာတည်းကို တစ်နေ့အတွင်းနှစ်ကြိမ်တိုင် ဗုံးကြဲ၍ ငါးဦးသေ၊ ၂၀ ဦးခန့် ဒဏ်ရာရ)

ဆလိုင်းမိုးအောင်၊နိရဥ္စရာ၊ အောက်တိုဘာ ၄/ ၂၀၂၄

ရခိုင်ပြည်၊တောင်ကုတ်မြို့နယ်၊ ကင်းတောင်စံပြကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် ထပ်မံဗုံးကြဲ၍ ဆယ်ကျော်သက်မိန်းကလေးတစ်ဦးသေဆုံးပြီး ရွာသား ၁၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

သေဆုံးသွားသူမှာကင်းတောင်ကျေးရွာမှ မအိခိုင်ဖြိုး (၁၅)နှစ်ဖြစ်ပြီး ကျည်စ ဦးခေါင်းထိမှန်၍သေဆုံးသွားခြင်းဖြစ်သည်။

ဒဏ်ရာရရှိသူများမှာ ဒေါ်ကြွေရုပ် (၅၃)နှစ်၊ ဦးသာဟန်၊ ဒေါ်သိန်းတင်၊မခင်ချိုဇင်၊ ဦးမောင်မြင့်ခင်(၃၈)နှစ်၊ဦးတင်ဝင်း၊ ဒေါ်မေကြန်၊ ဦးတက်ထွန်း၊ဦးမောင်ကြီးအောင်၊ဒေါ်နွယ်နွယ်(၃၀)နှစ်၊ ဒေါ်စမ်းမြင့်နှင့် မနေဇင်ထွဋ်တို့ဖြစ်ကြပြီးမျက်နှာနှင့် ခြေထောက်များတွင် ဒဏ်ရာရရှိသွားကြခြင်းဖြစ်သည်။

သူတို့သည်ယနေ့ အောက်တိုဘာလ ၄ ရက်၊ ညနေသုံးနာရီကျော်တွင် စစ်ကောင်စီက ဂျက်လေယာဥ်ဖြင့် ကင်းတောင်ရွာကိုထပ်မံ၍ ဗုံးနှစ်ကြိမ်လာကြဲရာ၌ထိခိုက်မှုရှိခဲ့ခြင်း ဖြစ်သည်ဟုရွာသားများက ပြောသည်။

"မိန်းကလေးငယ်က ပွဲချင်းပြီးသေတာ။တိုက်ပွဲမရှိဘူး။ ဒီအတိုင်း ဗုံးလာကြဲတာပါ"ဟု ကင်းတောင်ကျေးရွာသားတစ်ဦးကပြောသည်။



ယနေ့ညနေတိုက်ခိုက်မှုတွင်ကင်းတောင်ရွာ မီးသတ်ရုံနှင့် ဈေးအနီးတို့ထံ ကျရောက် ပေါက်ကွဲခြင်းဖြစ်ပြီးဦးဉာဏ်ရွှေ၏နေအိမ်တစ်ဆောင်မှာလည်း ဗုံးစထိမှန်ကာ ပျက်စီးသွားသည်ဟုလည်း သူကပြောသည်။

"အခုပျက်စီးသွားတဲ့နေအိမ်က ဒီမနက် ညအချိန်ကဗုံးလာကြဲလို့ ဗုံးစထိပြီးသေသွားတဲ့ ကလေးရဲ့ အဖွားအိမ်ဖြစ်နေတယ်"ဟုပြောသည်။

စစ်ကောင်စီကပြီးခဲ့သည့် ညဥ့် ၂ နာရီအချိန်ကျေးရွာသားများ အိပ်မောကျနေစဥ်ကလည်း Y-12 လေယာဥ်ဖြင့် ကင်းတောင်ကျေးရွာထဲကိုဗုံးကြဲချခဲ့သေးသည်။

ထိုသို့ဗုံးကြဲမှုကြောင့် အသက်(၁၀)နှစ်အရွယ် ကလေးငယ်တစ်ဦး၊ဦးမောင်လှတင်(၆၅)နှစ်၊ ဒေါ်မြရီ(၅၆)နှစ်နှင့်ဒေါ်မြကြည်(၇၄)နှစ်တို့လေးဦး သေဆုံးသွားခဲ့သည်။

မောင်ဇင်လင်းထက်(၁၁)နှစ်၊ကျောင်းဆရာ ဦးစိုးထိုက်(၄၈)နှစ်၊ဒေါ်မတင်ရွှေ(၈၉)နှစ်၊ ဒေါ်မြင့်မြင့်ကြူ (၅၂)နှစ်နဲ့ကိုပြည်သိမ်းစံ (၂၃)နှစ်တို့မှာလည်း ထိခိုက်ဒဏ်ရာ အပြင်းအထန်ရရှိခဲ့သည်။

အဆိုရွာတစ်ရွာတည်းကို တစ်နေ့တည်းအတွင်း ညဥ့်အချိန်နှင့်ညနေအချိန် နှစ်ကြိမ်တိုင် ဗုံးကြဲ၍ငါးဦးသေပြီး၂၀ ဦးခန့် ဒဏ်ရာရရှိသွားခြင်းဖြစ်သည်။

လက်ရှိတွင်ကင်းတောင်ရွာသားများမှာ တစ်နေ့တည်းတွင်စစ်ကောင်စီက ဗုံးနှစ်ကြိမ် လာကြဲမှုကြောင့် စိုးရိမ်ထိတ်လန့်နေကြပြီးလုံခြုံစိတ်ချရသည့်နေရာများတွင် ပုန်းခိုနေရကြောင်းလည်းသိ၇သည်။

ဓာတ်ပုံ- ပေးပို့

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.