စနေ၊ အောက်တိုဘာလ ၅ရက်၊ ၂၀၂၄

စစ်တွေ ရွာကြီးတောင်ရပ်ကွက်တွင် စစ်တပ်က ကင်းပုန်းဝပ်နေစဥ် ဒေသခံနှစ်ဦး ဖမ်းဆီးခံ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၄ အောက်တိုဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 687

ဆလိုင်းမိုးအောင်၊ နိရဉ္စရာ၊ အောက်တိုဘာ ၄/ ၂၀၂၄

ရခိုင်ပြည်၊ စစ်တွေမြို့ရှိ ရွာကြီးတောင်ရပ်ကွက်တွင် စစ်ကောင်စီတပ်က ကင်းပုန်းဝပ်နေချိန် ဒေသခံနှစ်ဦးဖမ်းဆီးခံလိုက်ရသည်ဟု စုံစမ်းသိရသည်။

ဖမ်းဆီးခံရသူများမှာ စစ်တွေမြို့၊ ရွာကြီးတောင်ရပ်ကွက်မှ အသက်(၃၀)ကျော်အရွယ် ကိုဝင်းနိုင်ဦးနှင့် နောက်ထပ်အမျိုးသားတစ်ဦးတို့ဖြစ်သည်ဟု သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၂ ရက်၊ ည ၈ နာရီခန့်က ရွာကြီးတောင်ဈေးလမ်းအနီး စစ်ကောင်စီစစ်ကြောင်းတစ်ခု စစ်ကြောင်းထိုးရန် ကင်းပုန်းဝပ်နေချိန် မြို့ထဲမှနေ၍ အိမ်သို့ပြန်သည့်သူတို့နှစ်ဦးကို ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ရဲများပူးပေါင်းကာ အဆိုပါလမ်းထိပ်မှ ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု မြို့ခံများက ပြောသည်။

"မြို့ထဲကနေ အိမ်ကိုပြန်လာတဲ့အချိန် ဖမ်းခံရတာ။ အချိန်က ည ၈ နာရီလောက်ပဲရှိသေးတယ်။ ပြည်လုံးချမ်းသာဘုရားကြီးအနားက ရွာကြီးတောင်ဈေးလမ်းထိပ်မှာ ဖမ်းတာ" ဟု စစ်တွေမြို့မှ အမည်မဖော်လိုသည့် မြို့ခံတစ်ဦးက ပြောသည်။

မည်သည့်အတွက်ဖမ်းဆီးပြီး မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ကိုလည်း မသိရသေးဟု ဆိုသည်။

ဖမ်းဆီးခံရသူနှစ်ဦးနှင့် လက်ရှိအချိန်ထိ မိသားစုများ အဆက်အသွယ်မရသဖြင့် စိတ်ပူနေကြောင်းလည်း သိရသည်။

ယင်းနေ့တစ်ညသာ ယင်းနေရာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကင်းပုန်းဝပ်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် မရှိကြတော့ဟု မြို့ခံများက ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၁၃ ရက်၊ ညနေ ၃ နာရီခန့်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက စစ်ကား ၇ စီးဖြင့် စစ်တွေမြို့ရှိ ရွှေပြား၊ မိဇံ၊ တရားသီးစုရပ်ကွက်တို့အပါအဝင် စစ်တွေမြို့ စာတိုက်အနီးရှိ သူနာပြုအိမ်ရာအနီးမှနေ၍ မိဇံကမ်းနားလမ်းတောက်လျှောက်၊ မိဇံကမ်းနားလမ်းတွင် ကုန်ထမ်းနေသူများ၊ စစ်တွေတွင် အိမ်စောင့်ကျန်ခဲ့သူများနှင့် လမ်းသွားလမ်းလာများကိုပါ လိုက်လံဖမ်းသွားပြီး စုစုပေါင်း လူဦးရေ ၁၀၀ ခန့် ဖမ်းဆီးခဲ့သည်။

ပြီးခဲ့သည့် စက်တင်ဘာ ၁၉ ရက်၊ နေ့လယ်ပိုင်းကလည်း စစ်တွေမြို့ရှိ လမ်းမတော်၊ အိုးတန်းဧစေတီနှင့် စစ်တွေမြို့မဈေးကြီးအနီးတဝိုက်တွင် လမ်းသွားလမ်းလာများနှင့် စျေးထဲတွင်အလုပ်လုပ်နေသူများ၏ဖုန်းများကို တစ်ခုမကျန် စစ်ဆေးခဲ့ကာရခိုင်မျိုးနွယ်စုဝင် မရမာကြီး ၄ ဦးနှင့် ရခိုင်လူမျိုး ၃၀ ခန့်ကိုဖမ်းဆီးသွားကြောင်းလည်း သိရသည်။

အချို့ဖမ်းဆီးခံရသူများကို စစ်ကောင်စီက ငွေကြေးဖြင့် ရွေးခိုင်းပြီး ပြန်လွှတ်ပေးမှုများရှိသလို အချို့မှာလည်း ငွေကြေး မတတ်နိုင်၍ မိသားစုဝင်များနှင့် အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေသူများလည်းရှိကြောင်း သိရသည်။

ဓာတ်ပုံ - ပုံဟောင်း

ဆက်စပ် သတင်းများ