မင်းသျှင်စော၊ နိရဉ္စရာ၊ အောက်တိုဘာ ၄ ၊၂၀၂၄
ရခိုင်ပြည်၊ တောင်ဘက်အစွန်ဆုံး ဂွမြို့နယ်တွင် နွားကျောင်းနေသည့်လူငယ် တစ်ဦးအား ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီတပ် ပစ်သတ်၍ သေဆုံးသွားကြောင်း သတင်းရရှိသည်။
အသတ်ခံလိုက်ရသည့် လူငယ်မှာတိုက်ပွဲဖြစ်ပွားနေသည့် နေရာအနီးရှိ ကိုင်းခုံကျေးရွာမှ ဦးဌေးကျော်၏သားအသက် ၁၈ နှစ်အရွယ် မောင်ပြည့်ဖြိုးဖြစ်သည်ဟု ကျေးရွာသားတစ်ဦးက ပြောသည်။
"သူက ညနေဖက် သူတို့နွားတွေကို တိုက်ပွဲဖြစ်နေတဲ့နေရာကို မသွားရအောင်လို့ နွားတွေကိုသွားလိုက်ပုံရပါတယ်။ စစ်ကောင်စီစစ်ကြောင်းက အဲဒီ ရွာအနီးဝန်းကျင်မှာ ကင်းပုန်း ဝပ်နေတာကို မသိဘူးလေ။ သေနတ် ပစ်သံကြားတော့ ပထမ တစ်ယောက်မှ သွားမကြည့်ရဲဘူး။ နောက်တစ်နာရီ ကျော်ကြာမှ သွားကြည့်တော့ အဲဒီကောင်လေးကဗိုက်ကိုထိပြီးသေနေတယ်"ဟု ၎င်းက ပြောဆိုသည်။
အဆိုပါ ပစ်ခတ်မှုသည် ယနေ့ညနေ၃ နာရီကျော်အချိန်ခန့်တွင်ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။
စစ်ကောင်စီတပ်သည် ဂွမြို့မြောက်ဘက် မိုင် ၂၀ ခန့် အကွာတွင်တည်ရှိသည့် ဆားချက်၊ ကိုင်းခုံရွာ အနီးဝန်းကျင်တွင်AA. နှင့် တိုက်ပွဲဖြစ်ပွားနေပြီး မကြာခဏ ကင်းပုန်းဝပ်ကြောင်း ဒေသခံ စစ်ရေး သတင်းရင်းမြစ်တစ်ဦးက နိရဉ္စရာသတင်းဌာနကို ပြောကြားသည်။
စစ်ကောင်စီသည် ဂွမြို့နယ်မြောက်ပိုင်းတွင် အေအေထိုးစစ်ကို နေရာ ၄ နေရာမှ ခုခံတိုက်ခိုက်နေရပြီး အဆိုပါ တိုက်ပွဲများအတွင်းလေကြောင်းနှင့် ရေကြောင်းကို အဓိကထားပြီး ခုခံကာကွယ် တိုက်ခိုက်နေသည်ဟု သိ၇သည်။