စနေ၊ အောက်တိုဘာလ ၅ရက်၊ ၂၀၂၄

ဂွမြို့နယ်ဘဝင်တိုက်ပွဲတွင် စစ်ကောင်စီဗိုလ်ကြီးတစ်ဦးကျဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၅ အောက်တိုဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 502

နိရဉ္စရာ၊ အောက်တိုဘာ ၅/၂၀၂၄

ရခိုင်ပြည်၊ ဂွမြို့နယ်၊ အောက်ဘဝင်ကျေးရွာတွင် AAနှင့် ဖြစ်ပွားသော တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ဗိုလ်ကြီးအဆင့်ရှိသူ တစ်ဦးကျဆုံးသွားသည်ဟု သတင်းရရှိသည်။

သေဆုံးသွားသူမှာ ဗိုလ်ကြီး မျိုးသော်ဟန်၊ ဧရာ၀တီတိုင်း ဟင်္သာတသား ဖြစ်ကြောင်း စစ်တပ်အသိုင်းအဝိုင်းနှင့် နီးစပ်သူ တစ်ဦးက ပြောသည်။

 

“ အောက်တိုဘာ ၃ ရက်နေ့က အောက်ဘဝင်ကျေးရွာမှာဖြစ်တဲ့ တိုက်ပွဲမှာ ဗိုလ်ကြီး တစ်ဦးကျတယ်။ ဟင်္သာတသားလို့ သိရတယ်။ ဓနုဖြူအခြေစိုက်တပ်ရင်း ၁၀၈ ကလို့ ပြောပါတယ်။ ကလေးနှစ်ယောက် ရဲ့ ဖခင်ပါ” ဟု ၎င်းက ပြောသည်။


အဆိုပါနေ့က စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော် (AA) တို့သည် ဘဝင်ရွာနားတွင်တစ်နေရာနှင့် ကိုင်းခုံရွာနှင့် ဆားချက်ရွာ အကြားတွင်တစ်နေရာ တိုက်ပွဲဖြစ်ပွားခဲ့သည်။

စစ်ကောင်စီဖက်မှ အဆိုပါ နေရာ ၂ ခုစလုံးကို  လေကြောင်းမှ ပစ်ကူပေးနေပြီး ကျေးရွာများအတွင်းသို့ ဗုံးကြဲချနေ၍ ကျေးရွာအချို့ မီးလောင်မှုများ ရှိခဲ့သည်ဟု သိရသည်။

၎င်းပြင် ယမန်နေ့ နေ့လယ်က ငသိုင်းချောင်းမှ ဂွကို တက်လာသည့် စစ်ကား ၆ စီးတွင် ၂စီး တိမ်းမှောက်ခဲ့သည်ဟု ၎င်းက ပြောသည်။

“ မနေ့ နေ့လယ်က ဂွကို လာတဲ့စစ်ကား ၆ စီးမှာ ၂စီးက ငသိုင်းချောင်းအတက် စက်ဆန်း (၁) နဲ့ စက်ဆန်း(၂) ဆိုတဲ့ ဂိတ်အကြားမှာ လက်နက်အပြည့် လူအပြည်နဲ့ မှောက်တယ်။ ထိခိုက်ဒဏ်ရာ ရရှိမှုတချို့ရှိတယ်။ မနေ့က အဲဒီရိုးကျော်လမ်းကို ပိတ်ထားခဲ့တယ်” ဟု ပြောကြားသည်။

ယနေ့ အောက်တိုဘာ ၅ ရက်နေ့တွင်လည်း ဂွမြို့နယ် မြောက်ပိုင်း ဘဲအင်းရွာ နောက်ကြောတွင် အေအေနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်နေသည်ဟု သိရသည်။ (သတင်းပေးပို့-CJ နှင့် ဓာတ်ပုံ- ပုံဟောင်း)

ဆက်စပ် သတင်းများ