စနေ၊ အောက်တိုဘာလ ၅ရက်၊ ၂၀၂၄

စစ်ကောင်စီကြောင့် စက်တင်ဘာလအတွင်း နိုင်ငံတစ်ဝန်း အမျိုးသမီး ၆၃ ဦးသေဆုံးရာတွင် ရခိုင်မှ ၃ ဦးပါဝင်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၅ အောက်တိုဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 294

လူထက်နိုင် (ဒွါရာမြီ)၊ နိရဉ္စရာ၊ အောက်တိုဘာ ၅/ ၂၀၂၄


စက်တင်ဘာလ တစ်လအတွင်း စစ်ကောင်စီ၏ တိုက်ခိုက်မှုများကြောင့် နိုင်ငံတစ်ဝန်း အမျိုးသမီး ၆၃ ဦးသေဆုံးခဲ့ပြီး ၆၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU)က အောက်တိုဘာ ၄ ရက်တွင် သတင်းထုတ်ပြန်ထားသည်။

သေဆုံးသူများသည် ရှမ်းပြည်နယ်မှ ၂၁ ဦးနှင့် အများဆုံးဖြစ်ပြီး မန္တလေးတိုင်းမှ ၁၅ ဦး၊ စစ်ကိုင်းတိုင်းမှ ရှစ်ဦး၊ ပဲခူးတိုင်းမှ ခြောက်ဦး၊ မကွေးတိုင်းမှ လေးဦး၊ ရခိုင်ပြည်နှင့် တနင်္သာရီတိုင်းမှ သုံးဦးစီ၊ မွန်ပြည်နယ်မှ နှစ်ဦးနှင့် ကချင်ပြည်နယ်မှ တစ်ဦးတို့ ပါဝင်ကြောင်း သိရသည်။

သေဆုံးခဲ့သူများတွင် အကြမ်းဖက်စစ်အုပ်စု၏ အရပ်သားပြည်သူများ နေထိုင်ရာ အိမ်နှင့်ရပ်ရွာတွင် လက်နက်ကြီးပစ်ခတ်မှုကြောင့် ရှစ်ဦး၊ အကြမ်းဖက် စစ်အုပ်စု၏ အကြောင်းမဲ့သတ်ဖြတ်မှုကြောင့် ခြောက်ဦး၊ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် (၄၄)ဦး၊ မီးရှို့သတ်ဖြတ်ခံရမှုကြောင့် နှစ်ဦး၊ ဒရုန်းတိုက်ခိုက်မှုကြောင့် နှစ်ဦးနှင့် တိုက်ပွဲအတွင်း ပိတ်မိပြီး အကြမ်းဖက်စစ်အုပ်စုက ဆေးကုသခွင့်မပေးသောကြောင့် တစ်ဦးတို့ပါဝင်ကြကြောင်းလည်း သိရသည်။

ထို့အပြင် ဒဏ်ရာရရှိသူများတွင် အကြမ်းဖက်စစ်အုပ်စု၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကိုးဦး၊ လေကြောင်းမှဗုံးကြဲမှုကြောင့် (၃၄)ဦး၊ ဒရုန်းတိုက်ခိုက်မှုကြောင့် ငါးဦး၊ ပစ်ခတ်ခံရမှုကြောင့် နှစ်ဦး၊ မြေမြှုပ်မိုင်းကြောင့် ငါးဦး၊ ဗုံးပေါက်ကွဲမှုကြောင့် တစ်ဦးနှင့် ခြောက်ဦးမှာ မုဒိမ်းကျင့်ခံခဲ့ရကြောင်း ဖော်ပြထားသည်။

အကြမ်းဖက်စစ်အုပ်စု၏ အာဏာသိမ်းရန်ကြိုးပမ်းသည့်ကာလသည် ၃ နှစ်ကျော်လာပြီဖြစ်သည်။ သို့သော် အာဏာသိမ်းရန်ကြိုးပမ်းမှုသည် ယနေ့ထိတိုင်အောင်မြင်မှုမရှိသည့်အပြင် အကြမ်းဖက်စစ် အုပ်စုသည် လူမဆန်သော လူ့အခွင့်အရေးချိုးဖောက်မှုများကို ထင်ထင် ရှားရှားဆက်လက် ကျူးလွန်နေသည်” ဟုထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယခုအချက်အလက်များသည် မြန်မာ့အမျိုးသမီးသမဂ္ဂက ခိုင်လုံသောသတင်း မီဒီယာများမှ ရေးသားဖော်ပြမှုများကို စနစ်တကျကောက်ယူထားသည့် အချက်အလက်များအပြင်
 မြေပြင်မှ အချက်အလက်ကောက်ယူထားမှုများကို ပြန်လည် စုစည်းတင်ဆက်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ဓာတ်ပုံ-BWU

 

ဆက်စပ် သတင်းများ