စနေ၊ အောက်တိုဘာလ ၅ရက်၊ ၂၀၂၄

ဂွမြို့မြောက်ဘက် ဒယ်ဘုတ်ရွာအနီး AA နှင့်အပြန်အလှန်တိုက်ပွဲဖြစ်ပွားနေ၍ စစ်ကောင်စီက လေကြောင်းနှင့် မြေပြင်မှ အမြောက်တို့ဖြင့်ပစ်ကူပေးနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၅ အောက်တိုဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 946


စောရှင်မေ၊ နိရဉ္စရာ၊ အောက်တိုဘာ ၅/၂၀၂၄

ရခိုင်ပြည်၊ တောင်ဘက်အစွန်း ဂွမြို့နယ်၊ ဒယ်ဘုတ်ကျေးရွာ၏နောက်ကျောဘက်တွင် AA နှင့်အပြန်အလှန်တိုက်ပွဲဖြစ်ပွားနေ၍ စစ်ကောင်စီက လေကြောင်းမှ ပစ်ကူပေးနေသလို အနီးအနားရှိ အမြောက်တပ်တို့မှလည်း လက်နက်ကြီးများ ပစ်ကူပေးနေကြောင်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၃ ရက်နေ့မှစတင်၍ အာရက္ခတပ်တော် (AA)၏ ထိုးစစ်သည် ကုလားပြင်ရွာ၏အထက် အောက်ဘဝင်ရွာသို့ကျော်လာပြီး ဒယ်ပုတ်ကျေးရွာ၏ နောက်ကျောဘက်တွင် စစ်ပွဲများပြင်းထန်နေကြောင်း ဒေသခံတစ်ဦးက ပြောသည်။

"တိုက်ပွဲဖြစ်နေတာ ၃ ရက်ရှိပြီ။ အောက်ဘဝင်ရွာဘက်ကနေဖြစ်လာတာ ဒယ်ပုတ်ရွာဘက်ကို ကူးလာတယ်။ ဒီနေ့ ဂျက်လေယာဥ်ဗုံးကြဲတာလည်း ၄ ကြိမ်ရှိပြီ။ မနက်အစောကြီးကနေ။ အမြောက်နဲ့လည်းပစ်ကူပေးနေတယ်" ဟုပြောသည်။

အောက်တိုဘာ ၃ ရက်နေ့ ည ၉ နာရီခွဲခန့်တွင် ကြွေချိုင်တံတားအနီးတောင်ကုန်းပေါ်မှ အမြောက်ကြီးနှစ်လက်အား စစ်ကောင်စီက တောင်ဘက် ၃ မိုင်ခန့်အကွာ တိုင်ကျိုးကျေးရွာ ထိပ်တံတားအနီး ပုဂံတောင်စေတီ တောင်ကုန်းပေါ်သို့ပြောင်းရွေ့ခဲ့သည်။

၎င်းနေရာမှ လက်ရှိတိုက်ပွဲဖြစ်ပွားရာသို့ စစ်ကောင်စီက အမြောက်ဖြင့် ပစ်ကူပေးနေခြင်း ဖြစ်ကြောင်း သိရသည်။

ထို့သို့ တိုက်ပွဲများပြင်းထန်နေသည့်အတွက် ယင်းအနီးအနားမှရွာများဖြစ်သည့် ဒယ်ဘုတ်၊ သဗြုချောင်း၊ ကြွေချိုင်၊ ကံပေါက်၊ ဘဲအင်း၊ ကုလားပြင်နှင့် ကုတိုးလေးရွာ စသည့် ရွာသားများမှာ ဘေးလွတ်ရာသို့ထွက်ပြေးနေကြသည်ဟု နောက်ထပ်ဒေသခံတစ်ဦးက ပြောသည်။

"တိုင်ကျိုးရွာထိပ် ပုဂံတောင်ဘုရားကုန်းကနေ အမြောက်တွေနဲ့ စစ်ကူပေးနေတယ်။ အောက်ဘဝင်ရွာရယ်။ ဒယ်ဘုတ်ရွာအနောက်ဘက် တောင်ကြောပေါ်တွေကို လေယာဥ်နဲ့ လာကြဲတယ်။ အဲတော့ ရွာသားတွေက ဘေးလွတ်ရာသို့ထွက်ပြေးနေကြတာပေါ့။ ကားနဲ့ပြေးသူပြေး။ ကြောက်လန့်ကြတာပေါ့။ အနီးအနား လှည့်ပတ်ရှောင်နေကြတာ" ဟုပြောသည်။

လက်ရှိ တိုက်ပွဲဖြစ်နေသည့်နေရာအနီးရှိ ဒယ်ပုတ်ရွာသည် ဂွမြို့ မြောက်ဘက် ၂၇ မိုင်ခန့် အကွာအဝေး ဂွနှင့် သံတွဲကားလမ်းပေါ်တွင်ရှိပြီး အိမ်ခြေ ၅၀ ခန့်ရှိသည်ဟု သိရသည်။

ထို့သို့ စစ်ပွဲဖြစ်ပွားရာသို့ ယနေ့ အောက်တိုဘာလ ၅ ရက်နေ့ မနက်ပိုင်းတွင်လည်း ပြည်မဘက်မှ စစ်ကား ၄ စီးဖြင့် လက်နက်အင်အား လူအင်အားဖြင့် စစ်အင်အား ဖြည့်တင်းနေကြောင်းလည်း ဒေသခံများကပြောသည်။

အောက်တိုဘာ ၃ ရက်က စစ်ကောင်စီတပ်နှင့် AA တို့ အောက်ဘဝင်ရွာနားတွင်တစ်နေရာနှင့် ကိုင်းခုံရွာနှင့် ဆားချက်ရွာအကြားတွင်တစ်နေရာ တိုက်ပွဲဖြစ်ပွားခဲ့သေးသည်။

အောက်ဘဝင်ရွာနားတိုက်ပွဲအတွင်း ဧရာ၀တီတိုင်း ဟင်္သာတမြို့နယ်သား ဓနုဖြူအခြေစိုက် တပ်ရင်း ၁၀၈ မှ ဗိုလ်ကြီး မျိုးသော်ဟန်သေဆုံးသွား​ကြောင်း စစ်တပ်အသိုင်းအဝိုင်းနှင့် နီးစပ်သူတစ်ဦးက နိရဥ္စရာကို ပြောဆိုထားသည်။

ယင်းနေ့က တိုက်ပွဲဖြစ်ခဲ့သည့်နေရာနှစ်ခုလုံးကို စစ်ကောင်စီက လေကြောင်းမှ ပစ်ကူပေးနေခဲ့ပြီး ကျေးရွာများအတွင်းသို့ ဗုံးကြဲချ၍ ကျေးရွာအချို့ မီးလောင်မှုများ ပင်ရှိခဲ့သည်ဟု သိရသည်။

ဆက်စပ် သတင်းများ