စနေ၊ အောက်တိုဘာလ ၅ရက်၊ ၂၀၂၄

အမ်းမြို့ပေါ်သို့ ထွက်ပြေးလာကြသည့် ထောင်နှင့်ချီရှိသည့် စစ်ဘေးရှောင်များ အကူအညီ အထောက်အပံ့မရရှိ၍ အခက်ခဲရှိ​နေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၅ အောက်တိုဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 402

သဉ္ဇာနွယ်၊ နိရဉ္စရာ၊ အောက်တိုဘာ ၅/၂၀၂၄

ရခိုင်ပြည်၊ အမ်းမြို့ပေါ်သို့ မြို့နယ်တွင်း တိုက်ပွဲဖြစ်သည့်ကျေးရွာများမှ စစ်ဘေးရှောင်လာသူ ထောင်နှင့်ချီရှိသည့် စစ်ဘေးရှောင်များမှာ မည်သည့်နေရာကမှ အကူအညီ အထောက်အပံ့မရ၍ စားဝတ်နေရေး အလွန်ခက်ခဲနေကြသည်ဟု စစ်ဘေးရှောင်းများက ပြောကြားသည်။

အမ်းမြို့နယ်၊ မဲတောင်၊ ကျောက်စကွဲကျေးရွာအနီးတွင် အာရက္ခတပ်တော်(AA)နှင့် စစ်ကောင်စီတို့ စက်တင်ဘာ ၂၆ ရက်မှစ၍ တိုက်ပွဲဖြစ်ပွားခဲ့မှုကြောင့် အနီးအနား ကျေးရွာများ ဖြစ်သည့် ကျောက်စကွဲ၊ မဲတောင်ခြေရွာနှင့် မီးလောင်ချောင်းစသည့် ကျေးရွာများမှ ရခိုင်နှင့် ချင်းလူမျိုး ထောင်နှင့်ချီ အမ်းမြို့ပေါ်သို့ စစ်ဘေးရှောင်ရန် ရောက်ရှိနေသည်ဟု မြို့ခံများက ပြောသည်။

သူတို့သည် အမ်းမြို့၊ မြို့သစ်ကွက် ဦးဥတ္တမ တောင်ကုန်းအပါအဝင် ဘုန်းကြီးကျောင်းများနှင့် ခရစ်ယာန်ကျောင်းများတွင် ခိုလှုံနေကြသည်ဟု အမျိုးသမီးတစ်ဦးက နိရဉ္စရာသတင်းဌာနကို ပြောသည်။

"အိုးအိမ်စွန့်ခွာလာရတဲ့အတွက် စားဝတ်နေရေးကတော့ အခက်အခဲရှိနေကြတယ်။ ကူညီပေးမယ့်သူလည်းမရှိဘူး" ဟုပြောသည်။

တစ်ရွာချင်းစီမှ ထွက်ပြေးရောက်ရှိနေသည့်စစ်ဘေးရှောင််ဦးရေအတိအကျကိုမူ လောလောဆယ်တင်ပြနိုင်ခြင်းမရှိသေးသော်လည်း အားလုံးပေါင်း တစ်ထောင်ကျော်ခန့် ရှ်နိုင်သည်ဟု ဆိုသည်။

အဆိုပါစစ်ဘေးရှောင်များကို အမ်းအခြေစိုက် ခမရ ၃၇၃ မှ စစ်ကောင်စီတပ်သားများက ကားဖြင့် မြို့ပေါ်သို့ခေါ်လာခြင်းဖြစ်သော်လည်း တစ်စုံတရာကူညီပေးမှုမရှိဟု အမ်းဒေသခံ လူမှုရေးလုပ်ရှားသူ အမျိုးသားတစ်ဦးက နိရဉ္စရာသတင်းဌာနကို ပြောသည်။

"တချို့စစ်ရှောင်တွေကတော့ အာရက္ခတပ်တော်ရှိတဲ့နေရာကို ပြေးတယ်။ မပြေးဘဲ  ကျန်နေသေးတဲ့ ရွာသားတွေကိုတော့ စစ်ကောင်စီက ခေါ်ထုတ်တယ်။ AA တိုက်လို့ သူတို့က လာကယ်ထုတ်သလိုလိုနဲ့ပေါ့။ သူတို့ပဲ ရွာတွေကို ဗုံးကြဲတယ်။ လက်နက်ကြီးကျည်တွေနဲ့ပစ်လို့ ထွက်ပြေးလာရတာလေ။ သူတို့က မသိရင် ကယ်တင်သလိုလိုနဲ့ မြို့ပေါ်ရောက်တော့လည်း တစ်ခုမှကူညီတာမဟုတ်ဘူး" ဟုပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကလည်း အမ်းမြို့ပေါ်သို့ စစ်ရှောင်လာသည့် စစ်ဘေးရှောင် ၆၀ ခန့်ကိုလည်း ခမရ ၃၇၃ တပ်၏ စစ်ကောင်စီဂိတ်က ဖမ်းဆီးထားပြီး ယနေ့အထိ ပြန်လွှတ်ပေးခြင်းကို မကြားမိသေးကြောင်း အမ်းမြို့ခံ အမျိုးသမီးတစ်ဦးက နိရဉ္စရာသတင်း ဌာနကို ပြောသည်။

"သူတို့ စစ်ဆေးတဲ့အခါ မသင်္ကာလို့ဖမ်းတာနေမှာပါ။ ပြန်လွတ်တယ်လို့တော့ မကြားသေး။ ၃၇၃ ကဖမ်းပြီး အဲဒီအနားက ကံ့ကော်တစ်ထောင်ဘုရားမှာ ထိန်းသိမ်းထားတယ်။ သူတို့က ဖမ်းချင်တဲ့သူကိုဖမ်း။ ကယ်ချင်တဲ့သူကိုကယ်နေကြတာ။ လုံခြုံမှုလည်းမရှိဘူး" ဟုပြောသည်။

အမ်းတွင် စစ်ကောင်စီနှင့် AA တို့ လက်နက်ကြီးကျည်များဖြင့် အပြန်အလှန်ပစ်ခတ်မှုရှိခဲ့ပြီး လက်နက်ကြီးကျည်တချို့လည်း အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်သို့ ကျရောက် ပေါက်ကွဲခဲ့ကြေင်း ဒေသခံများက ပြောသည်။

ယခုကဲ့သို့ ပစ်ခတ်တိုက်ခိုက်သံများနေ့စဉ်ရှိနေမှုကြောင့် ဒေသခံများမှာ စိုးရိမ်နေရပြီး ငွေကြေးတတ်နိုင်သူများမှာ ပြည်မဖက်သို့တိမ်းရှောင်သွားကြပြီဟု မြို့ခံများက ပြောသည်။

ဓာတ်ပုံ - ပုံဟောင်း

 

ဆက်စပ် သတင်းများ