တနင်္ဂနွေ၊ အောက်တိုဘာလ ၆ရက်၊ ၂၀၂၄

နှစ်လကျော်အတွင်း တောင်ကုတ်မြို့နယ်တွင် ဗုံးကြဲ၍ လူ ၁၁ ဦးသေဆုံးပြီး ၂၆ ဦးဒဏ်ရာရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၆ အောက်တိုဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 137

ကံ့ကော်နီနီ ၊ နိရဉ္စရာ ၊ အောက်တိုဘာ ၅ / ၂၀၂၄

စစ်ကောင်စီက တောင်ကုတ်မြို့နယ်တွင် အရပ်သားများကို ဦးတည်ဗုံးကြဲတိုက်ခိုက်နေ၍  ဩဂုတ်လမှ ယခုအောက်တိုဘာ ပထမပတ်အထိ အရပ်သား ၁၁ ဦးသေဆုံးပြီး ၂၆ ဦးထက်မနည်းဒဏ်ရာရရှိခဲ့သည်။

သေဆုံးသူနှင့် ဒဏ်ရာရရှိသူများမှာ တောင်ကုတ်မြို့နယ်၊ ကင်းတောင်စံပြကျေးရွာ၊ တန်းလွဲရွာမမြို့၊ ခေါင်းလောင်းတူကျေးရွာ၊ ခရိုင်ကျေးရွာ၊ မီးကျောင်းထိုးကျေးရွာ၊ နေပူတောင် စီမံကိန်းအနီးမှ ဒေသခံအရပ်သားများဖြစ်ကြောင်း သိရှိရသည်။

သေဆုံးမှု အများဆုံးမှာ အရပ်သားပြည်သူများ  ညဥ့်အချိန်အိပ်မောကျနေစဥ် စစ်ကောင်စီလေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်၍ ဖြစ်သည်ဟု သိရသည်။

ယမန်နေ့ အောက်တိုဘာလ ၄ ရက်က တောင်ကုတ်မြို့မြောက်ဘက် ၁၁ မိုင်ကျော်အကွာ တောင်ကုတ်-မအီကားလမ်းဘေးမှ ကင်းတောင်စံပြကျေးရွာကို စစ်ကောင်စီက ညဥ့်အချိန်ရော၊ နေ့လယ်ပါ တစ်နေ့တည်းတွင် နှစ်ကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

ယင်းဖြစ်စဥ်အတွင်း အသက်(၁၀)နှစ်အရွယ်ကလေးငယ်တစ်ဦး၊ မအိခိုင်ဖြိုး(၁၅)နှစ်၊ ဦးမောင်လှတင်(၆၅)နှစ်၊ ဒေါ်မြရီ(၅၆)နှစ်၊ ဒေါ်မြကြည်(၇၄)နှစ်တို့ ငါးဦး ပွဲချင်းပြီးသေဆုံးခဲ့ရသည်။

မောင်ဇင်လင်းထက်(၁၁)နှစ်၊ ကျောင်းဆရာ ဦးစိုးထိုက်(၄၈)နှစ် ဒေါ်မတင်ရွှေ(၈၉)နှစ်၊ ဒေါ်မြင့်မြင့်ကြူ (၅၂)နှစ်နှင့် ကိုပြည်သိမ်းစံ (၂၃)နှစ်၊ ဒေါ်ကြွေရုပ် (၅၃)နှစ်၊ ဦးသာဟန်၊ ဒေါ်သိန်းတင်၊ မခင်ချိုဇင်၊ ဦးမောင်မြင့်ခင်(၃၈)နှစ်၊ ဦးတင်ဝင်း၊ ဒေါ်မေကြန်၊ ဦးတက်ထွန်း၊ ဦးမောင်ကြီးအောင်၊ ဒေါ်နွယ်နွယ်(၃၀)နှစ်၊ ဒေါ်စမ်းမြင့်နှင့် မနေဇင်ထွဋ်တို့အပါအဝင် ၂၀ ဦး ဒဏ်ရာရရှိခဲ့သည်။

အောက်တိုဘာလ ၂ ရက် ၊ ည ၁၁ နာရီကျော်ကလည်း တောင်ကုတ်မြို့နှင့် ၇ မိုင်ခန့်အကွာ ခေါင်းလောင်းတူကျေးရွာအနီးရှိ လေးတောင်ဗွေကျွန်းကို လေကြောင်းဗုံးကြဲတိုက်ခိုက်၍ ဆယ်ကျော်သက်လူငယ်တစ်ဦး ဦးခေါင်းဗုံးစထိမှန်ဒဏ်ရာရရှိခဲ့သည်။

စက်တင်ဘာလ ၂၄ ရက်၊ ည ၈ နာရီက တောင်ကုတ်ခရိုင် ၊ တန်းလွဲရွာမမြို့ လေကြောင်း ဗုံးကြဲတိုက်ခိုက်ခံရမှုအတွင်း စစ်ဘေးရှောင်တက္ကသိုလ်ကျောင်းသား ကိုအောင်သူရနှင့် နောက်ထပ်အရပ်သားတစ်ဦးတို့သေဆုံးပြီး နောက်ထပ်အရပ်သားသုံးဦးဒဏ်ရာရရှိကာ ရဲစခန်းနှင့် အနီးဝန်းကျင်နေအိမ်တချို့အပြင် ရေသန့်စက်တို့ဗုံးထိမှန်ပျက်စီးသွားကြောင်း သိရသည်။

စက်တင်ဘာလ ၁၉ ရက် ၊ မနက်အစောကြီး ၂ နာရီဝန်းကျင်ကလည်း ရခိုင်ရိုးမပေါ်က နေပူတောင်ကျောက်ထုတ်လုပ်ရေး စီမံကိန်းကို ဗုံးကြဲတိုက်ခိုက်၍ အလုပ်သမားတန်းလျားတွင်နေထိုင်သည့် ဒေါ်တင်တင်လှ(၄၅)နှစ်မှာ ပွဲချင်းပြီးသေဆုံးခဲ့သည်။

ဩဂုတ်လ ၃၁ ရက်ကလည်း တောင်ကုတ်မြို့နယ်၊ ခရိုင်ကျေးရွာကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်၍ မောင်မိုးသက်နိုင်(၁၅)နှစ်နှင့် (၁၈) နှစ်အရွယ်လူငယ်ဦးသေဆုံးပြီး ၅ ဒဏ်ရာရရှိခဲ့သည်။

ဩဂုတ် ၂၂ ရက် ၊ နေ့လယ် တစ်နာရီခွဲက တောင်ကုတ်မြို့နှင့် ၅ မိုင်အကွာအဝေးအတွင်းရှိသည့် မိကျောင်းထိုး၊ မိုးတောင်၊ ရွှေကွမ်းစမ်း၊ မီးကျောင်းထိုးကျေးရွာ၊ ဇိမ်ခံထွေကျေးရွာများအနီးသို့ စစ်ကောင်စီဂျက်ဖိုက်တာဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့ရာ မီးကျောင်းထိုးကျေးရွာမှ မခင်ယုနန္ဒာထွန်း(၂၇) ပွဲချင်းပြီး သေဆုံးခဲ့သည်။

ဩဂုတ် ၁၉ ရက်၊ မနက်သုံးနာရီခွဲတွင် ကျောက်ကြီးကွင်းကျေးရွာအနီးရှိ ကျောက်ကြီးကွင်းတောင်ကို ဗုံးကြဲတိုက်ခိုက်၍ တောင်ခြေအနီးဝန်းကျင်မှ နေအိမ် ၁၀ ကျော်ဗုံးစထိမှန်ပျက်စီးခဲ့သည်။

ဩဂုတ်လ ၁၆ ရက်၊ မနက်အစောကြီး ၃ နာရီအချိန်ကလည်း တောင်ကုတ်မြို့နှင့် ၈ မိုင်ခန့်ကွာဝေးသည့် မိုးတောင်နှင့် မိုးပညာဒါနကျောင်းကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်၍ မိုးပညာဒါနကျောင်းဗုံးထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။

ဩဂုတ်လ ၁၅ ရက်၊ မနက်အစောကြီး ၃ နာရီခွဲအချိန်ကလည်း တောင်ကုတ်မြို့နယ်၊ ဆားပြင်ကျေးရွာနှင့် ကမာကျေးရွာကြားရှိ အောင်မင်္ဂလာကျေးရွာအနီးရှိကွမ်းခြံစိုက်ခင်းတဲကို စစ်ကောင်စီလေယာဥ်က ဗုံးနှစ်လုံးကြဲချတိုက်ခိုက်ခဲ့ပြီး လူနှင့်တိရစ္ဆာန်ထိခိုက်ဒဏ်ရာရမှုမရှိခဲ့ပေ။

ရခိုင်ပြည်တွင် စစ်ကောင်စီ၏ စစ်ဆင်ကွပ်ကဲရေးဌာနချုပ်သုံးခုရှိရာ ဘူးသီးတောင် စကခ(၁၅)နှင့် ကျောက်တော် စကခ(၉)တို့ကို AA ကသိမ်းပိုက်ထားပြီးဖြစ်ကာ တောင်ကုတ်အခြေစိုက် စကခ(၅) ဌာနချုပ်တစ်ခုသာကျန်ရှိနေခြင်းဖြစ်သည်။

စကခ(၅) လက်အောက်တွင် ခမရ(၃၄၆)နှင့် ခမရ (၅၄၄)တပ်ရင်းတို့ရှိပြီး ထိုတပ်ရင်းများတွင် စစ်ကောင်စီစုဆောင်းထားသည့် မွတ်ဆလင်စစ်သားများကိုပါ အင်အားဖြည့်တင်းထားကြောင်း သိရသည်။

စကခ(၅) အခြေစိုက် တောင်ကုတ်အပါအဝင် ကျောက်ဖြူ၊ ဂွ၊ မာန်အောင်၊ အမ်း၊ မောင်တော၊ စစ်တွေတို့ကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်မည်ဟု AA က တရားဝင်ကြေညာထားသည်။

အလားတူ တောင်ကုတ်၏မြောက်ဘက် မအီမြို့နှင့် တောင်ဘက် သံတွဲမြို့တို့ကို AA ကသိမ်းပိုက်ထားသလို ပန်းတောင်း-တောင်ကုတ်လမ်း ရခိုင်ရိုးမပေါ်တွင်ခြေကုပ်ယူထားပြီး ပဲခူးတိုင်းမှ စစ်ကောင်စီစစ်ကူလမ်းကြောင်းကိုပိတ်ဆို့ဖြတ်တောက်ထားသည်။

စစ်ကောင်စီအနေဖြင့် ယနေ့ အောက်တိုဘာလ ၅ ရက်မနက်ပိုင်းတွင် တောင်ကုတ်မြို့နယ်၊ နတ်မော်ရွာနှင့်သလိန်ပြင်ရွာတို့ကို အင်အားအပြည့်အစုံဖြင့်စစ်ကြောင်းထိုးပြီး ကျေးရွာဘုန်းတော်ကြီးကျောင်းတချို့တွင် ဝင်ရောက်နေထိုင်နေကြောင်း ဒေသခံများက နိရဥ္စရာကိုပြောသည်။

 

ဓာတ်ပုံ - အောက်တိုဘာ ၄ ရက်က ကင်းတောင်စံပြကျေးရွာ ဗုံးကြဲတိုက်ခိုက်ခံရ၍ ပျက်စီးသွားသည့်နေအိမ်တစ်လုံးအား တွေ့ရစဥ်။ (ပေးပို့)

ဆက်စပ် သတင်းများ