တနင်္ဂနွေ၊ အောက်တိုဘာလ ၆ရက်၊ ၂၀၂၄

ဂွသို့ စစ်ကူလာသည့် စစ်ကြောင်းကား တိမ်းမှောက်ပြီး ၆ ယောက်သေဟု သတင်းထွက်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၆ အောက်တိုဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 218

စောရှင်မေ၊ နိရဉ္စရာ၊ အောက်တိုဘာ ၅/၂၀၂၄

ဧရာဝတီတိုင်းမှ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေသော ရခိုင်ပြည်၊ ဂွမြို့နယ်သို့ စစ်ကူလာသည့် စစ်ကား ၈ စီးအနက် ၂ စီးသည် ရိုးလမ်းပေါ်တွင် တိမ်းမှောက်ကာ စစ်သား ၆ ဦး သေဆုံးပြီး အများပြား ဒဏ်ရာရရှိသွားသည်ဟု သတင်းထွက်ပေါ်နေကြောင်း ဒေသခံများက ပြောကြားသည်။

စစ်ကား ၈ စီးဖြင့် စစ်ကူလာသည့် စစ်ကြောင်းမှ စစ်ကား ၂ စီးသည် အောက်တိုဘာလ ၄ ရက်၊ နေ့လယ်ခန့်တွင် ဧရာဝတီ - ငါးသိုင်းချောင်းမှ အတက် အမြောက်တပ်ဂိတ်အလွန် သစ်ဆန်း (၁)နှင့် သစ်ဆန်း (၂) မိုင်တိုင် နှစ်ခုကြား ရိုးလမ်းပေါ်တွင် တိမ်းမှောက်သွားခဲ့သည်ဟု သိရသည်။

"မိုးရွာတော့ လမ်းချော်တယ်။ လမ်းတွေကလည်း ကျဉ်းပြီး အကွေ့အကောက်များတော့ အရှိန်လွန်ပြီး သစ်ဆန်း (၁) နဲ့သစ်ဆန်း (၂) မိုင်တိုင်နှစ်ခုကြားမှာ ကားမှောက်တာလေ။ ၆ ယောက်သေပြီး အတော်များများ ဒဏ်ရရတယ်လို့ သတင်းထွက်နေတယ်။ စစ်ကူလာတဲ့ ကားတွေပါ" ဟုပြောသည်။

အဆိုပါစစ်ကားတိမ်းမှောက်ခဲ့သည့်နေရာသည် ဂွဘက်မှ ငါးသိုင်းချောင်းသို့သွားသည့် ရိုးလမ်းပေါ်တွင် တည်ရှိပြီး ဗေဒါဂိတ်အလွန် ဂွနှင့် မိုင် ၄၀ ကျော်ခန့် အကွာအဝေးရှိကြောင်း သိရသည်။

နောက်ထပ် ဂွဒေသခံ တစ်ဦးက " အဲကားမှာ စစ်သားတွေနဲ့အတူ  ကျည်ဆံတွေ၊ ရိက္ခာတွေလည်း တင်လာတာပေါ့။ ကားမှောက်သွားတော့ လမ်းပေါ်မှာ ကျည်ဆံတွေ အကုန်ထွက်ကျတယ်။ စစ်သားတွေလည်း သွေးတွေနဲ့။ ခြောက်ယောက်သေတယ်လို့လည်း ကြားတယ်။ သေချာတော့ မသိရသေးဘူး" ဟုပြောသည်။

ယခုကဲ့သို့ စစ်ကူလာသည့်ကား တိမ်းမှောက်သွားသဖြင့် နမိတ်မကောင်းဟုဆို စစ်ကားအချို့သည် အလောင်းနှင့် ဒဏ်ရာရသူများကို တင်ဆောင်ကာ ငသိုင်းချောင်းဘက်သို့ ပြန်လှည့်သွားသည်ဟု သိရသည်။

ထိုသို့ စစ်ကားနှစ်စီးတိမ်းမှောက်ခဲ့သည့်အတွက် ယမန်နေ့ နေ့လယ်ဘက်မှ ညနေ ၅ နာရီခန့်အထိ ရိုးလမ်းပေါ်တွင် ကား၊ ဆိုင်ကယ်များအား ဖြတ်သန်းသွားလာခွင့် ပိတ်ပင်ထားခဲ့ကြောင်း ခရီးသွားပြည်သူများက ပြောသည်။

သံတွဲမြို့ဘက်ကနေ သံတွဲ- ဂွ ကားလမ်းအတိုင်း ထိုးစစ်ဆင်လာသည့် အာရက္ခတပ်တော် စစ်ကြောင်းများသည် သံတွဲတောင်ဘက် မိုင် (၂၀) အကွာ ကျိန္တလီမြို့ကို လွန်လာပြီး ဒယ်ဘုတ်၊ ကြွေချိုင်ဘက်သို့  ရောက်ရှိလာပြီဖြစ်ကာ စစ်ကောင်စီက ကြည်း၊ရေ၊ လေကို အသုံးပြုပြီး အပြင်းအထန် ခုခံကာကွယ်နေသည်ဟု သိရသည်။  

ဓာတ်ပုံ - ပုံဟောင်း

ဆက်စပ် သတင်းများ