တနင်္ဂနွေ၊ အောက်တိုဘာလ ၆ရက်၊ ၂၀၂၄

ရခိုင်ပြက္ခဒိန်ပညာရှင် ဆရာကြီးဦးအောင်ချစ်ကွယ်လွန်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၆ အောက်တိုဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 491

ခိုင်လူလှ (ရိုးမမြီ)၊ နိရဉ္စရာ၊ အောက်တိုဘာ ၆/ ၂၀၂၄

မြန်မာနိုင်ငံပြက္ခဒိန်အကြံပေးအဖွဲ့ ဒု-ဥက္ကဋ္ဌ၊ ရခိုင်ပြက္ခဒိန်ပညာရှင် ဆရာကြီးဦးအောင်ချစ်သည် အောက်တိုဘာ ၅ ရက်နေ့က ရန်ကုန်မြို့တွင် ကွယ်လွန်သွားကြောင်း သတင်းရရှိသည်။

ရခိုင်ပြက္ခဒိန်ပညာရှင် ဆရာဦးအောင်ချစ် (ဆရာချစ် - စစ်တွေ) သည် ကွယ်လွန်ချိန်တွင်  အသက် (၉၁) နှစ် ရှိပြီဖြစ်သည်။

ဆရာကြီးသည် အောက်တိုဘာ ၅ ရက်  ညနေ(၇:၄၅)နာရီအချိန် သင်္ဃန်းကျွန်းဆေးရုံကြီး၌ (၉၆)ပါးရောဂါဖြင့် ကွယ်လွန်အနိစ္စရောက်သွားကြောင်း ဆွေမျိုးမိသားစုထံမှ သိရသည်။

ဆရာကြီးသည် နှစ်စဉ်ထုတ်ဝေနေသည့် နာမည်ကြီး ဓည၀တီ ရခိုင်ပက္ခဒိန် (ပြက္ခဒိန်)အား ဦးစီးထုတ်ဝေသူ တစ်ဦးဖြစ်သည်။

ဆရာကြီး ဦးအောင်ချစ်သည် မြန်မာနိုင်ငံပြက္ခဒိန်အကြံပေးအဖွဲ့ ဒု-ဥက္ကဌ၊ မြန်မာနိုင်ငံတိုင်းရင်း ဆေးဆရာအသင်း(ဗဟို)အလုပ်အမှုဆောင်ဟောင်း၊ မြန်မာနိုင်ငံစာ‌ေရးဆရာအသင်း သက်ကြီး ကန်တော့ခံ စာပေပညာရှင်၊ ရခိုင်မဂ္ဂဇင်းကော်မတီနာယက၊ တန်းခိုးဆရာထွန်းစာပေဆု တစ်သက်တာစာပေဆုရှင်၊(သာသနဓဇ ဓမ္မာစရိယ) တစ်ဦးဖြစ်သည်။

ဆရာကြီးကွယ်လွန်အနိစ္စရောက်သွားပါသဖြင့် ရပ်ဆွေရပ်နီး မိတ်ဆွေသင်္ဂဟများအား ကျန်ရစ်သူ မိသားစုများမှညိုးငယ်စွာဖြင့် အသိပေးအပ်ပါကြောင်း သဂြိုဟ်မည့်ရက်ကို ထပ်မံအသိပေးမည်ဖြစ်ပါကြောင်း မိသားစုများက ပြောဆိုသည်။

ဆရာကြီး ဦးအောင်ချစ်ကွယ်လွန်သွားမှုသည် ရခိုင်အမျိုးသားများအတွက် ကြီးမားဆုံးရှုံးမှုဖြစ်ကြောင်း ရခိုင်စာပေသမားများနှင့် လူမှုရေးလှုပ်ရှားများက သူတို့၏ လူမှုကွန်ယက်စာမျက်နှာများတွင် ရေးသားဖော်ကြသည်။

ဓာတ်ပုံ- Min Thein Aung Facebook

ဆက်စပ် သတင်းများ