Preview

အာရက္ခပြည်ကိုကာကွယ်ဖို့ အာရက္ခဒေသတွင် မှီတင်းနေထိုင်သူအားလုံးမှာတာဝန်ရှိဟု AA ပြော

အောက်တိုဘာ ၀၆/ ၂၀၂၄ | ကြည့်ရှုသူ :9535
ရခိုင် သတင်း

အေးမြတ်ခိုင်၊နိရဥ္စရာ၊ အောက်တိုဘာ ၆/၂၀၂၄

အာရက္ခပြည်ကိုကာကွယ်ဖို့ အာရက္ခဒေသမှာမှီတင်းနေထိုင်ကြသောပြည်သူအားလုံးမှာတာဝန်ရှိသည်ဟု အာရက္ခတပ်တော်(AA) ပြောခွင့်ရသူဦးခိုင်သုခက နိရဥ္စရာကို ပြောသည်။

ယင်းကြောင့်အာရက္ခဒေသအတွင်း ဒေသလုံခြုံရေး၊ ရပ်ရွာလုံခြုံရေးကိစ္စများအတွက် လုံခြုံရေးအသိ ပညာပေးရက်တိုသင်တန်းများကိုလုပ်ဆောင်လျက်ရှိသည်ဟုလည်းသူကပြောဆိုသည်။

“ဒါဟာအနာဂတ်မှာ အကြမ်းဖက်မှု နှိမ်နင်းရေး၊ စစ်ဆင်ရေးတွေမှာ ပူးပေါင်းပါဝင်နိုင်အောင်၊ကိုယ့်ရပ်ရွာကိုဘယ်လိုကာကွယ်ရမလဲဆိုတဲ့ လုံခြုံရေးအသိရှိနေအောင်သင်တန်းပေးထားတာပဲ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အာရက္ခပြည်ကိုကာကွယ်ဖို့အာရက္ခဒေသမှာ မှီတင်းနေထိုင်တဲ့ ပြည်သူအားလုံးမှာတာဝန်ရှိပါတယ်”ဟု ပြောသည်။

စက်တင်ဘာလမှ စတင်ကာ အဆိုပါ သင်တန်းများကို ပေးနေပြီး ရဲတပ်ဖွဲ့ကိုလည်းဖွဲ့စည်း သင်တန်း ပေးလျက်ရှိနေကြောင်း သူက ပြောကြားသည်။

“ ရဲလုပ်ငန်းမှာစိတ်ပါဝင်စားတဲ့လူငယ်ပညာတတ်တွေကိုလည်း မိမိဆန္ဒအလျှောက်ပါဝင် တာဝန် ထမ်းဆောင်ဖို့ ခေါ်ယူနေတာရှိပါတယ်။သင်တန်းလည်း ပေးနေပါတယ်။ ဒါက ပြည်သူ့လုံခြုံရေးကိစ္စတွေနဲ့ပတ်သက်ပြီးလုပ်ဆောင်နေတာ ဖြစ်ပါတယ်။ စစ်မှုမထမ်းမနေရအဓမ္မစုဆောင်းနေတာမျိုး မဟုတ်ပါဘူး။ ရှေ့တန်းမှာစစ်တိုက်ဖို့လည်း ခေါ်နေတာမဟုတ်ပါဘူး။ အာရက္ခဒေသအတွင်း တည်ငြိမ်ရေး၊ တရားဥပဒေစိုးမိုးရေးနဲ့လုံခြုံရေးပိုကောင်းလာစေရေးအတွက်ဖြစ်ပါတယ်”ဟု ဆိုသည်။

ရခိုင်ပြည်တွင် မှီတင်းနေထိုင်ကြသည့် ရခိုင်များသာမက ကမန်၊ ခမီ၊ မြို၊ သက်၊ သက္ကမ(ဒိုင်းနက်)၊ မရမာကြီး ၊ ချင်း၊ နှင့် မွတ်ဆလင်တို့ ကိုပါ ဖိတ်ခေါ်ပြီး တရားဥပေရေးရာနှင့် ရပ်ရွာများကို ကိုယ်တိုင်အုပ်ချုပ်နိုင်ရန် အုပ်ချုပ်ရေးဆိုင်ရာ သင်တန်းပေးလျက်ရှိသည်ဟု ဆိုသည်။

စက်တင်ဘာလမှစတင်ကာULA/ AA က စစ်သင်တန်းပေးရန်စုဆောင်းနေသည်ဟုဆိုကာ အမ်းမြို့နယ်အတွင်း ချင်းလူမျိုးများနေထိုင်ကြသောရူးချင်း၊  ဒုကန်၊ မဝှမ်း၊ တာဖျား၊ သရွဲ၊ မဲလက်မောင်း၊မဲသံကြိုးအပါအဝင် အနီးဝန်းကျင်ကျေးရွာများမှ ချင်းလူငယ်များမှာ စစ်မှုထမ်းရမည် ထင်ပြီး တိမ်းရှောင်မှုများရှိနေကြသည်ဟု သိ၇သည်။

အဆိုပါ သင်တန်းများပေးနေသည့် ကိစ္စနှင့် ပတ်သက်ပြီး အမည်မဖော်လိုသည့် ချင်းလူငယ်တစ်ဦးက“အခုကတိုက်ပွဲတွေ ပြင်းထန်နေတာ ဖြစ်တယ်။ ကျနော်တို့မှာအာမခံချက်မရှိဘူး။ ဒါကြောင့် အများစုကရန်ကုန်တို့၊ မကွေးတို့ဘက်ကိုပြေးကြတယ်။ အနည်းစုကတော့ မပြေးနိုင်တာကြောင့်ရော၊ တချို့ကတော့သူတို့ကိုယ်တိုင်လက်ခံလို့ပဲလား မသိ အဲဒီသင်တန်းတွေမှာ တက်ကြတာတော့ ရှိတယ်”ဟု ပြောသည်။

အာရက္ခတပ်တော်(AA) ကချင်းလူမျိုးများကို အတင်းအဓမ္မတပ်သားသစ်စုဆောင်းနေသည်ဟု ပြောဆိုမှုများအပေါ် ဦးခိုင်သုခက ငြင်းဆိုထားသည်။

ရခိုင်ဒေသအတွင်း ကမန်၊ခမီ၊ မြို၊ သက်၊ သက္ကမ(ဒိုင်းနက်)၊ မရမာကြီး ၊ ချင်း၊ ရခိုင် နှင့် မွတ်ဆလင်တို့နေထိုင်လျက်ရှိရာ အမျိုးသားရေးအရ လူမျိုးနွယ်စုများမှာပါဝင်မှုအားနည်းပြီးယုံကြည်မှု တည်ဆောက်ရန်လည်း အချိန်ယူ၇အုံးမည်ဟု စစ်တွေမှမွတ်ဆလင်တက္ကသိုလ်ကျောင်းသားတစ်ဦးက ပြောသည်။

“ကျွန်တော်အနေနဲ့ပြောရရင်တော့ တပ်တော်သည်သာ ရခိုင်ပြည်မှာ လူမျိုးစုအားလုံး ရှေ့ဆက်ရေး အတွက် အကောင်အထည်ဖော် နိုင်လိမ့်မယ်ဆိုတဲ့ ယုံကြည်မှုတွေရှိခဲ့ပါတယ်။အလားတူပဲ အေအေနဲ့ ပူးပေါင်းပြီး လက်တွဲနေတဲ့ မွတ်ဆလင်ဒေသခံတွေလည်းရှိကြပါတယ်။ ဒါပေမဲ့ ခုနောက်ပိုင်းမှာ မွတ်ဆလင်အများစုကအေအေအပေါ် ယုံရမလား။ မယုံရဘူးလားဆိုတဲ့ခံစားချက်တွေရှိလာကြတယ်။ လုံခြုံရေးကိစ္စတွေ အတွက် သင်တန်းတွေတက်ဖို့ဆိုရင်တောင်မှ တွန့်ဆုတ်နိုင်တဲ့အခြေအနေတွေမြင်ရတယ်။ စစ်တွေမှာတော့ ဒါမျိုးသင်တန်းပေးဖို့ပြောတာတွေမရှိသေးပါဘူး။ ရှိလာရင်တော့ စစ်ကောင်စီ နဲ့ အေအေဆိုရင် အေအေနဲ့ပဲကျနော်တို့ လက်တွဲကြမှာပါ။ကျွန်တော်တို့က ရှေ့လျှောက် အတူတူနေကြ၇မယ့် လူမျိုးနှစ်မျိုးဆိုတော့။ ဒါတော့ ကျနော် ယုံကြည်တယ်”ဟု ပြောသည်။

သို့သော်လည်း အာရက္ခတပ်တော်(AA) အနေဖြင့် တန်းတူရေးကိုအခြေခံပြီး ရခိုင်ပြည်တွင် မှီတင်း နေထိုင်သူများအားလုံးအတွက်တစ်ပြေးညီ ဥပဒေများရေးဆွဲပြဌာန်းရန် လိုအပ်သည်ဟုလည်းသူကပြောသည်။

“ဒီမြေမှာနေရင် ဒီမြေကိုကာကွယ်ရမှာကိုလက်ခံပါတယ်။ ဒါပေမဲ့ လူတိုင်းအတွက် မျှတတဲ့ ညီမျှတဲ့ စည်းကမ်းနဲ့ ဥပဒေတွေရှိဖို့လည်း လိုအပ်တယ်လို့ ထင်ပါတယ်” ဟု ပြောသည်။

အာရက္ခတပ်တော်(AA) က တိုက်ပွဲကာလ(၁၀)လကျော်အတွင်း ပလက်၀ဒေသအပါအဝင် မြို့နယ် ၁၁ ခုကို သိမ်းပိုက်ထားပြီးဖြစ်ကာ ကျန်သည့် မာန်အောင်၊ တောင်ကုတ်၊ ဂွ၊ အမ်း၊ မောင်တော၊ စစ်တွေ၊ကျောက်ဖြူ မြို့နယ်တို့တွင်လည်း မြို့ပေါ်ကိုသာ စစ်ကောင်စီကထိန်းချုပ်ထားနိုင်ပြီး ကျန် နယ်ဒေသများအားလုံးကို ထိန်းချုပ်ထားပြီဖြစ်သည်။

AA ထိန်းချုပ်ထားသည့် ဒေသများတွင် အုပ်ချုပ်ရေး၊ လုံခြုံရေးနှင့် ပြန်လည်ထူထောင်ရေး ကိစ္စများကို ဆောင်ရွက်လျက်ရှိနေပြီး ရခိုင်ပြည်တွင်မှီတင်းနေထိုင်သူ လူမျိုးအားလုံး ပါဝင်နိုင်ရန် ULA/AA က စတင်ဆောင်ရွက်လျက်ရှိသည်ဟု သိ၇သည်။

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.