တနင်္ဂနွေ၊ အောက်တိုဘာလ ၆ရက်၊ ၂၀၂၄

စစ်ကောင်စီဗုံးစထိမှန်ခဲ့သည့် ကင်းတောင်ရွာမှ အသက် ၈၇ အရွယ်အဖွားအိုသေဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၆ အောက်တိုဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 387

ဆလိုင်းမိုးအောင်၊ နိရဉ္စရာ၊ အောက်တိုဘာ ၆/ ၂၀၂၄

စစ်ကောင်စီလေတပ်၏ဗုံးကြဲမှုကြောင့် ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ်၊ ကင်းတောင်စံပြ ကျေးရွာမှ ဒဏ်ရာရရှိသွားခဲ့သည့်  အသက်(၈၇)နှစ်အရွယ် ဒေါ်မတင်ရွှေသည် ဒဏ်ရာဖြင့် ကွယ်လွန်သွားခဲ့ပြီဟု သိရသည်။  

ဒေါ်မတင်ရွှေမှာ လုံခြုံဘေးကင်းရာတစ်နေရာ၌ အရေးပေါ်ဆေးကုသမှုခံယူနေသော်လည်း ယနေ့အောက်တိုဘာလ ၆ ရက်၊ ညဥ့် ၁ နာရီခန့်က ဒဏ်ရာပြင်းထန်၍ သေဆုံးသွားခြင်း ဖြစ်သည်ဟု ကင်းတောင်ရွာသားတစ်ဦးက ပြောသည်။

"အဲဒီအဖွားက အသက်ကြီးနေပြီ။ ရထားတဲ့ ဒဏ်ရာကလည်း ပြင်းတယ်။ ကိုယ်ခံအား နည်းနေတဲ့ အသက်အရွယ်ဆိုတော့ ဒဏ်ရာပြင်းထန်တာနဲ့ ဒဏ်မခံနိုင်တော့လို့ ဆုံးသွားပါတယ်" ဟု ပြောသည်။

သေဆုံးသွားသည့် အဖွားဒေါ်မတင်ရွှေတွင် ညာဘက်လက်မောင်း၌ ဗုံးစထိမှန်ဒဏ်ရာခံခြင်း ဖြစ်သည်

သူမ၏ရုပ်အလောင်းကို ယနေ့ညနေပိုင်းတွင် သင်္ဂြိုဟ်ခဲ့သည်ဟုလည်း သိရသည်။

တောင်ကုတ်မြို့နယ်၊ ကင်းတောင်ရွာကို စစ်ကောင်စီတပ်က ပြီးခဲ့သည့် အောက်တိုဘာလ ၄ ရက်၊ မနက်အစောပိုင်း ၂ နာရီခန့်က တစ်ကြိမ်၊ ညနေ ၃ နာရီကျော်ခန့်က တစ်ကြိမ်၊ တစ်နေ့တည်းတွင် နှစ်ကြိမ်တိုင်တိုင် လေကြောင်းမှ လာရောက်ဗုံးကြဲခဲ့သဖြင့် ကလေးငယ် တစ်ဦးအပါအဝင် အရပ်သား ၅ ဦးသေဆုံးပြီး ၂၀ ဦးဒဏ်ရာရရှိခဲ့သည်။  

သေဆုံးခဲ့ရသူများမှာ ကင်းတောင်ကျေးရွာမှ အသက်(၁၀)နှစ်အရွယ်ကလေးငယ်တစ်ဦး၊ မအိခိုင်ဖြိုး(၁၅)နှစ်၊ ဦးမောင်လှတင်(၆၅)နှစ်၊ ဒေါ်မြရီ(၅၆)နှစ်၊ ဒေါ်မြကြည်(၇၄)နှစ်တို့ ငါးဦး ပွဲချင်းပြီးသေဆုံးခဲ့ရပြီး ၂၀ ဦးခန့်မှာ ပြင်းထန်ဒဏ်ရာများရရှိသွားခြင်းဖြစ်သည်။

ယနေ့သေဆုံးသွားသည့် ဒေါ်မတင်ရွှေနှင့်ပါဆိုလျှင် ကင်းတောင်ရွာဗုံးကြဲခံရမှုအတွင်း သေဆုံးသူ စုစုပေါင်း ခြောက်ဦးရှိပြီဖြစ်သည်။

ကင်းတောင်စံပြကျေးရွာသည် တောင်ကုတ်မြို့မြောက်ဘက် ၁၁ မိုင်ကျော်အကွာ တောင်ကုတ်-မအီကားလမ်းဘေးတွင်ရှိပြီး အိမ်ခြေ (၁၀၀၀)ဝန်းကျင်ရှိသည့် ကျေးရွာတစ်ရွာဖြစ်သည်။

အဆိုပါကျေးရွာသည် အာရက္ခတပ်တော် (AA)ထိန်းချုပ်နယ်မြေထဲတွင်ရှိသည့် ကျေးရွာလည်းဖြစ်သည်။

ဓာတ်ပုံ - ဒဏ်ရာပြင်းထန်၍သေဆုံသွားသည့် အဖွားဒေါ်မတင်ရွှေအား တွေ့ရစဥ်။ (Photo - APM)

ဆက်စပ် သတင်းများ