တနင်္ဂနွေ၊ အောက်တိုဘာလ ၆ရက်၊ ၂၀၂၄

တိုက်ပွဲပြင်းထန်နေသည့် အမ်းမြို့နယ်တွင် ကျေးရွာ ၇ ရွာကို စစ်ကောင်စီ ချက်ချင်း ပြောင်းရွှေ့ခိုင်း၍ ကျေးရွာသားများ ထွက်ပြေးရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၆ အောက်တိုဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 328

မင်းသျှင်စော နိရဉ္စရာ ၊အောက်တိုဘာ ၆/၂၀၂၄

ရခိုင်ပြည်၊ အမ်းမြို့နယ်ရှိ အမ်း- စစ်တွေ ကားလမ်းမ အနီးအနားရှိ ကျေးရွာ ၇ ရွာကို စစ်ကောင်စီက ချက်ချင်းပြောင်းရွှေ့ခိုင်းသဖြင့် ကျေးရွာသားများမှာ နေအိမ်များကို စွန့်ခွာပြီး အဝတ်တစ်ထည်ကိုယ်တစ်ခုဖြင့် ထွက်ပြေးခဲ့ကြရသည်ဟု သတင်းရရှိသည်။

၎င်းကျေးရွာများမှာ တိုက်ပွဲဖြစ်ပွားနေသည့် မဲတောင်အနီးရှိ ကြောင်ဖြူကွင်း၊ ရပ်သာ၊ ကျွဲသလင်း၊  ပျဉ်းတောကြီး၊ နေကာရွာသစ်၊ ဂွေးကိုင်းရွာနှင့် ကြပ်ရွာတို့ဖြစ်ကြောင်း ဒေသခံတစ်ဦးက နိရဉ္စရာသတင်းဌာနကို ပြောသည်။

" ဒီနေ့ဘဲ ကြောင်ဖြူကွင်း၊ ရပ်သာ အပါအဝင် ကျေးရွာ ခုနှစ်ရွာကို ဒီနေ့ဘဲ အမြန် ရွှေ့ခိုင်းတယ်။ ဘာမှယူချိန်တောင်မရခဲ့ဘူး။ လေယာဉ်နဲ့ ဗုံးကြဲမယ်လို့လည်း ပြောတယ်။ အဲတာ ကြောက်ပြီး ဘေးလွှတ်ရာကို အကုန်ပြေးကြတယ်။ တိုက်ပွဲကလည်း ပတ်ဝန်းကျင်မှာ ပြင်းနေတယ်။ တိုက်ပွဲအနီးအနားကိုလည်း လေယာဉ်က နေ့စဉ်ဗုံးကြဲနေတော့ ကျွန်တော်တို့လည်း ကြောက်လို့ အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့ အခုရွာကပြေးလာကြတယ်။"

တိုက်ပွဲပြင်းထန်နေသည့် မဲတောင်ပတ်ဝန်းကျင်နှင့် AA ရှိနိုင်သည်ဟု သံသယရှိသည့် ကျေးရွာများကို နပခဌာနချုပ် အမိန့်ဖြင့် ယနေ့ အောက်တိုဘာ ၆ နေ့တွင် အမိန့်ပေး ပြောင်းရွှေ့ခိုင်းခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

“ရွာကနေ ပြေးတဲ့သူတွေက အမ်းမြို့ပေါ်ကို ပြေးတယ်။ အခု အမ်းမြို့ကို ရောက်ရှိနေသူ တချို့ရှိတယ်။ တချို့က တစ်ခြား နီးစပ်ရာ ကျေးရွာတွေကို ပြေးတယ်။ လူပေါင်း ၆ရာ ကျော်လောက်ရှိမယ် ထင်ပါတယ်။ ဗုံးကြဲမယ်ဆိုတော့ လူတိုင်း ကြောက်ရတယ်လေ” ဟု ၎င်းက ထပ်လောင်း ပြောဆိုသည်။

မှတ်ပုံတင်မရှိသူ မိသားစုများအနေဖြင့် အမ်းမြို့ပေါ်သို့ မပြေးဘဲ တစ်ခြား စစ်ကောင်စီမရှိသည့် နေရာများသို့ ထွက်ပြေးကြသည်ဟု သိရသည်။

ထွက်ပြေးကြသည့် ကျေးရွာမှာ ရွာငယ်များဖြစ်ကြပြီး တချို့ ကျေးရွာများမှာ ရခိုင်နှင့် ချင်းလူမျိုးများ ပူးပေါင်း နေထိုင်သောရွာများဖြစ်ကြပြီး တချို့ကျေးရွာများမှာ ချင်းလူမျိုးသက်သက် နေထိုင်သည့် ကျေးရွာများဖြစ်ကြောင်း သိရသည်။

ကြောင်ဖြူကွင်းတွင် အိမ်ခြေ ၅၀၊ နေကာရွာသစ် ၂၀၊  ဂွေးကွင်းရွာ အိမ်ခြေ ၂၅၊ ရပ်သာ အိမ်ခြေ ၃၅၊ ကျွဲသလင်း ၃၀၊ ပျဉ်းတောကြီး ၂၅၊ ကြပ်ရွာ အိမ်ခြေ ၂၀ တို့ ဖြစ်ကြသည်ဟု သိရသည်။

စစ်ကောင်စီသည် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် (နပခ) မကျစေရန် အမ်း - စစ်တွေလမ်းမအနီး တောင်ဟိန်းတောင် ဗျူဟာနှင့် မဲတောင်ဗျုဟာတို့ကို အဓိကခံစစ်အဖြစ် အခိုင်အမာ တည်ဆောက်ထားသော်လည်း တောဟိန်းတောင်ဗျုဟာကို  AA သိမ်းပိုက်ရရှိသွားခဲ့သည်။

၎င်းနောက် မဲတောင်ဗျူဟာအား AA ထပ်မံ ထိုးစစ်ဆင်တိုက်ခိုက်လာသဖြင့် မဲတောင် အနီးဝန်းကျင်တွင် တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားနေပြီး လေယာဉ်များဖြင့်လည်း အကြီးအကျယ် ဗုံးကြဲတိုက်ခိုက်နေကြောင်း သိရသည်။

လက်ရှိ တိုက်ပွဲများမှာ အမ်းနပခဌာနချုပ် အနီးအနားထိ ရောက်ရှိလာပြီး  စက်တင်ဘာက စတင်ပြီး   ယခု အောက်တိုဘာလထိ အာရက္ခတပ်တော်က လက်နက်ကြီး၊ဒရုန်းတို့ဖြင့်အကြိမ်ပေါင်းများစွာ နပခ တိုင်းဌာနချုပ်ကို ပစ်ခတ်မှုများ ပြုလုပ်နေပြီး နပခတွင် အကျအဆုံးများလည်း ရှိနေသည်ဟု သတင်းရရှိသည်။

 

ဆက်စပ် သတင်းများ