တနင်္လာ၊ အောက်တိုဘာလ ၇ရက်၊ ၂၀၂၄

မောင်တောမြောက်ပိုင်းတွင် စျေးဝယ်ပြန်လာသည့်အရပ်သားကားကို ARSAအဖွဲ့က ခြုံခိုတိုက်ခိုက်၍ အမျိုးသမီး ၁ ဦး သေဆုံးပြီး ၄ ဦးဒဏ်ရာရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၇ အောက်တိုဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 323

မင်းသျှင်စော၊ နိရဉ္စရာ ၊အောက်တိုဘာ ၇ ၊၂၀၂၄

ရခိုင်ပြည်အနောက်ဘက်နယ်စပ် မောင်တောမြို့နယ် မြောက်ပိုင်းတွင် စျေးဝယ်ပြန်လာသည့် အရပ်သားကားတစ်စီးအား အာဆာ(ARSA) အကြမ်းဖက်အဖွဲ့မှ ခြုံခိုတိုက်ခိုက်၍ အမျိုးသမီးတစ်ဦး ပွဲချင်းပြီး သေဆုံးခဲ့ကာ ၄ ဦး ဒဏ်ရာရရှိသွားကြောင်း သတင်းရရှိသည်။

သေဆုံးခဲ့သည့် အမျိုးသမီးမှာ မောင်တောမြို့နယ် အောင်မင်္ဂလာကျေးရွာမှ ဒေါ်ဆန်းဆန်းဦး( ၃၈) နှစ် (ဘ) ဦးစောသိန်း ဖြစ်သည်။  သူမ၏ ဦးခေါင်းကို ကျည်ထိမှန်ပြီး နေရာ၌ပင် ပွဲချင်းပြီး သေဆုံး ခဲ့သည်ဟု သိရသည်။ 

ဒဏ်ရာရရှိသူများမှာ အောင်မင်္ဂလာကျေးရွာမှ ကိုစောနိုင် (၂၇) နှစ်၊မဌေး (၂၁) နှစ်၊ ဉီးညီချေ (၄၂) နှစ်နှင့်  သာယာကုန်းကျေးရွာမှ ဦးထွန်းဝင်းလှိုင် (၄၅) နှစ်တို့ဖြစ်ကြသည်။

၎င်းတို့ ၄ ဦးတွင် ဝမ်း၊ ဦးခေါင်း၊ ခြောက်ထောက်နှင့် ခန္ဓာကိုယ်တို့တွင် ပြင်းထန်ဒဏ်ရာများ အသီးသီး ရရှိခဲ့သည်ဟု ဒေသခံတစ်ဦး နိရဉ္စရာသို့ ပြောကြားသည်။

" သူတို့က မနက်ကတည်းက တောင်ပြိုကို စျေးဝယ်သွားကြတာပါ။ တေဘာကားနဲ့  ညနေ ၄ နာရီ ကျော်လောက်မှာ အိမ်ကို ပြန်လာတယ်လို့သိရတယ်။ တောင်ပြိုကနေ အပြန် မီးတိုက်ရွာနား မရောက်ခင်မှာ အာဆာက ခြုံခို တိုက်ခိုက်ခဲ့တာပါ။ မဆန်းဆန်းဦးကတော့ နေရာမှာဘဲ ပွဲချင်းပြီး သေဆုံးသွားခဲ့တယ်"ဟု ၎င်းက ပြောကြားသည်။

မောင်တောမြို့နယ်နှင့် ဘူးသီးတောင်မြို့နယ်တို့တွင် စစ်ကောင်စီ သင်တန်းဆင်း မွတ်ဆလင် လက်နက်ကိုင်တချို့နှင့် ARSA ၊ RSO ၊ ARA အကြမ်းဖက်အဖွဲ့တို့သည် မကြာခဏ ပြည်သူများကို အကြမ်းဖက် တိုက်ခိုက်မှုများရှိနေသဖြင့် သေဆုံးဒဏ်ရာရရှိမှုများရှိနေကြောင်း သိရသည်။

ထိုသို့ အကြမ်းဖက် ဖြစ်စဉ်များ ပေါ်ပေါက်နေသဖြင့် ရခိုင်ပြည်သူ့အစိုးရနှင့် အာရက္ခတပ်တော်တို့အား ထိထိမိမိ ကိုင်တွယ်ဖြေရှင်းပေးရန် ပြည်သူများက လိုလားနေပြီး  နယ်မြေရှင်းလင်းမှုများကို ပြုလုပ်ပေးရန် လိုလားနေကြသည်ဟု ဒေသခံများက ပြောဆိုသည်။

မောင်တောတွင် စစ်ကောင်စီ၏ နောက်ဆုံးလက်ကျန် နခခ ၅ ကို AA အနေဖြင့် အပြီးသတ် သိမ်းပိုက်ရန်လိုအပ်နေပြီး အချိန်ကြာလာသည်နှင့်အမျှ အကြမ်းဖက်အဖွဲ့များ၏ တိုက်ခိုက်မှုများ ပိုမို များပြားလာနိုင်သည်ဟု သုံသပ်မှုများလည်း ရှိနေသည်။  

ဆက်စပ် သတင်းများ