မင်းသျှင်စော နိရဉ္စရာ ၊အောက်တိုဘာ ၇ ၊၂၀၂၄
ရခိုင်ပြည်၊ အမ်းမြို့၊ မြို့ပေါ်ရပ်ကွက်တစ်ခုမှ အမျိုးသားတစ်ဦးကို စစ်ကောင်စီ စရဖအဖွဲ့နှင့် ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းဖမ်းဆီးပြီး မျက်နှာဖုံးစွပ်ကာ ခေါ်ဆောင်သွားခဲ့သည်ဟု သတင်းရရှိ သည်။
ဖမ်းဆီးခံ၇သူမှာ အမ်းမြို့သစ် (၃)ရပ်ကွက်၊ ကညင်တောင်ရွာမှ ဦးညီဆန်း (၄၃)နှစ်ဖြစ်ကြောင်း သိ၇သည်။
အမ်းဒေသခံတစ်ဦးက " သူ့ကိုအောက်တိုဘာ ၆ ရက် ညနေ ရ နာရီအချိန်ခန့်မှာ စစ်ကောင်စီစရဖနဲ့ ရဲအင်အား ရ ယောက်လောက်က သူ့အိမ်ကို ကားနဲ့ လာတယ်ပြီးတော့ ဖမ်းဆီးသွားပါတယ်။ သူ့ကို မျက်နှာဖုံး စွပ်ပြီး ကားပေါ်တင်ခေါ်ယူသွားပါတယ် "ဟု နိရဉ္စရာသတင်းဌာနကို ပြောဆိုသည်။
လက်ရှိ အချိန်ထိ သူ့ကို မည်သည့်နေရာသို့ ခေါ်သွားသည်ကို မသိရသေးဟု မိသားစုဝင် အမျိုးသမီးငယ်တစ်ဦးကနိရဉ္စရာကိုပြောသည်။
“ သူတို့ယူသွားတဲ့ ကားနောက်ကလိုက်ပြီး စုံစမ်းတော့ ဘယ်ကို ခေါ်သွားမှန်း မသိကြဘူး။ ရဲစခန်းကို လိုက်သွားတော့လည်း မဝင်ရဘူး။ သူ့ကိုAA နဲ့ ဆက်စပ်ပြီးဆေးပစ္စည်းတွေ ပို့နေတယ်လို့ စွပ်စွဲ ဖမ်းသွားတယ်လို့ သိ၇တယ်”၎င်းက ပြောဆိုသည်။
အလားတူ တောင်ကုတ်မြို့နယ်၊ မအီတိုက်နယ်မှ အပြစ်မဲ့ကျေးရွာသား တစ်ဦးကို တောင်ကုတ်မြို့ စစ်ကောင်စီ တပ်ဖွဲ့ဝင်များမှ အောက်တိုဘာ ၃ ရက်နေ့က ဖမ်းဆီးလိုက်သည်ဟု သတင်းရရှိသည်။
ဖမ်းဆီးခံရသည့် ဒေသခံအမျိုးသားမှာ မအီတိုက်နယ်၊ သဒွန်ရွာမှ ဦးမောင်ဝင်း (၃၆)နှစ် ဖြစ်သည်ဟု သူ၏ သူငယ်ချင်းတစ်ဦးက နိရဉ္စရာသို့ ပြောကြားသည်။
၎င်းသည် တောင်ကုတ်မြို့မှ ဈေးဝယ်ပြီး မော်တော်ဆိုင်ကယ်နှင့်အပြန်တွင် တောင်ကုတ် တက္ကသိုလ်ဂိတ်တွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးခံလိုက်၇သည်ဟု ပြောသည်။