တနင်္လာ၊ အောက်တိုဘာလ ၇ရက်၊ ၂၀၂၄

ကျောက်ဖြူတွင် ရွှံ့မီးတောင်တစ်လုံး ပေါက်ကွဲ၍ မီးတောင်ပတ်လည် ပေ ၃၀၀ ခန့် ချော်ရည်များဖုံးလွှမ်းသွား


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၇ အောက်တိုဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 721

(လူနှင့် တိရစ္ဆာန် ထိခိုက်မှုမရှိခဲ့)

သဥ္ဇာနွယ်၊ နိရဥ္စရာ၊ အောက်တိုဘာ ၇ /၂၀၂၄

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ စိုင်ခြုံကျေးရွာအနီးရှိ ဝက်အင်းနဂါးရွှံ့မီးတောင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ မီးတောင်ပတ်လည်တွင် ပေ ၃၀၀ ခန့် ချော်ရည်များဖုံးလွှမ်းသွားခဲ့သည်ဟု သိရသည်။

အဆိုပါရွှံ့မီးတောင်သည် အောက်တိုဘာ ၅ ရက်၊ နံနက် ၁၁ နာရီခန့်က နာရီဝက်အကြာ ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။

အမြင့် ၁၀ ပေခန့်အထိ ရွှံ့ရည်ပူများ လွင့်စင်ပေါက်ထွက်ခဲ့သလို မီးတောင်ဘေးပတ်လည်၏ ပေ ၃၀၀ ခန့်အားဖုံးလွှမ်းသွားခဲ့သည်ဟု သိရသည်။

သို့သော် မီးတောင်ပေါက်ကွဲမှုကြောင့် လူ၊ တိရစ္ဆာန်နှင့် လယ်ယာမြေစိုက်ခင်းများ ပျက်စီးဆုံးရှုံးမှုမရှိခဲ့ဟု ဒေသခံများက ပြောသည်။

ကျောက်ဖြူဒေသခံ ကိုအောင်အောင်က "အထိအခိုက်တော့ မရှိခဲ့ဘူး။ အဲဒီမီးတောင်က ဓညဝတီရေတပ်စခန်းနဲ့အနီးဆုံးမှာရှိတာ။ အဲဒီနားက စစ်တပ်ဧရိယာမို့ မိုင်းတွေထောင်ထားတော့ လူတွေအသွားအလာမရှိဘူး"ဟု ပြောသည်။

အဆိုပါရွှံ့မီးတောင်သည် မီးတောင်လေးခုပါ မီးတောင်အုပ်စုဖြစ်ပြီး ယခု ပေါက်ကွဲမှုဖြစ်ပွားခဲ့သောမီးတောင်မှာ မြောက်ဘက်အစွန်ဆုံးမှမီးတောင်ဖြစ်သည်ဟု သိရသည်။

ယခုပေါက်ကွဲခဲ့သောမီးတောင်မှာ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၅ ရက်တွင် နောက်ဆုံးအကြိမ် ပေါက်ကွဲခဲ့ပြီး ၂၀၁၆ ခုနှစ်မှ ၂၀၂၄ ခုနှစ်အထိ (၆)ကြိမ်ပေါက်ကွဲခဲ့ပြီဟု သိရသည်။

ကျောက်ဖြူမြို့နယ်၊ စိုင်ခြုံကျေးရွာအနီးတွင် ဝက်အင်းနဂါးရွှံ့မီး တောင်အုပ်စု၊ ပန်းရှည်နဂါးရွှံ့မီးတောင်အုပ်စုနှင့် သပြေတောနဂါးရွှံ့မီးတောင်အုပ်စုတို့ရှိသည်ဟု သိရသည်။

ယင်းအနက် ပန်းရှည်နဂါးရွှံ့မီးတောင်အုပ်စုနှင့် ဝက်အင်းနဂါးရွှံ့မီးတောင်အုပ်စုတို့မှာ အများဆုံးပေါက်ကွဲလေ့ရှိတတ်ကြသည်။

ရွှံ့မီးတောင်များ၏အမြင့်မှာ ပင်လယ်ရေမျက်နှာပြင်အထက် ၅၀ မီတာမှ ၆၀ မီတာခန့်အထိရှိပြီး မီးတောင်ပေါက်ကွဲရန်ပံ့ပိုးပေးသည့် ကုန်းမြေထုလှုပ်ရှားမှုနှင့် မြေအောက်ဓာတ်ငွေ့များစု စည်းကာ ပေါက်ကွဲခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ (ဓာတ်ပုံ- ပုံဟောင်းသာ)​ေ

ဆက်စပ် သတင်းများ